စစ်ကောင်စီနဲ့ အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ နေပြည်တော်မှာ တတိယနေ့ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့ ဆက်လက် ကျင်းပသွားမှာဖြစ်ပြီး နှစ်ဖက် တူညီတဲ့ သဘောထားတွေကို သဘောတူညီချက်တွေအဖြစ် လက်မှတ်ရေးထိုးသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
အန်စီအေအပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီ ဩဇာခံ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ၃ ရက်ကြာ ဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
နေပြည်တော်မှာ သွားရောက်ဆွေးနွေးနေတဲ့ တိုင်းရင်းသား ၅ ဖွဲ့ကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ နာယက ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒု ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ် စောစတီး၊ KNU/KNLA-(PC) ငြိမ်းချမ်းရေးကောင်စီမှ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ ဒုဥက္ကဋ္ဌ ကျာဖူးတို့ ဖြစ်ပါတယ်။
နေပြည်တော် ရောက်နေတဲ့ အဖွဲ့ ၅ ဖွဲ့ ထဲမှာ DKBA နဲ့ KNU/KNLA-(PC) အဖွဲ့တွေဟာ ကေအန်ယူကနေ ခွဲထွက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဩဇာခံအဖွဲ့တွေဖြစ်ပြီး ကျန်တိုင်းရင်းသား ၃ ဖွဲ့ဟာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်တာမရှိသလို အင်အားလည်းမရှိတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
PPST အဖွဲ့ထဲမှာလည်း သဘောထားကွဲလွဲမှုတွေရှိနေပြီး အန်စီအေ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေထဲက အင်အားကြီးအဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တပ်မတော်- ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ( SSA-RCSS) အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ (NMSP )တို့ ကတော့ ဒီတကြိမ်ဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိပါဘူး။
စစ်ကောင်စီဘက်ကတော့ အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ဗိုလ်မှူးကြီး ဝဏ္ဏအောင် စသူတွေ တက်ရောက်ပါတယ်။
၃ ရက်ကြာဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးပြီး ဘာတွေ သဘောတူညီချက် လက်မှတ်ရေးထိုးမယ် ဆိုတာတော့ မသိရသေးပါဘူး။