မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရေထွက်ကျေးရွာက စစ်ရှောင်အမျိုးသားတဦးကို စစ်တပ်က ဒီဇင်ဘာ ၂၈ ရက်မှာ ပစ်သတ်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ရေထွက်ကျေးရွာကို စစ်တပ်က အင်အား ၇၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးချိန်မှာ အသက် ၄၅ နှစ်ဝန်းကျင် အမျိုးသားတဦးဖြစ်တဲ့ ဦးဋ္ဌေးဝင်း ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
“သူက သူ့မိသားစုဝင်တွေကို တခြားရွာဘက်ကို ဆိုင်ကယ်နဲ့လိုက်ပို့ပြီး ပြန်လာတာ၊ အရှေ့စစ်ကြောင်းနဲ့တွေ့တော့ ဆိုင်ကယ်ထားပြီး ပြေးတာ၊ နောက်စစ်ကြောင်းက ပစ်သတ်လိုက်တာ ခုပဲ သူ့အလောင်းကို ကျနော်တို့ မြေမြှုပ်ခဲ့ပါတယ်။ စစ်တပ်က ပစ်တာက သူ့ခေါင်းကို ထိသွားတယ်။”
ရေထွက်ကျေးရွာကို စစ်တပ်က အင်အားသုံးပြီး စစ်ကြောင်းနှစ်ကြောင်းခွဲ ရွာထဲဝင်လာတာဖြစ်ပြီး အခုချိန်ထိ ရွာမှာရှိနေတာကြောင့် ဒေသခံရွာသားတွေ တိမ်းရှောင်နေရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း လက်နက်ခဲယမ်း မလုံလောက်တာကြောင့် စစ်ကြောင်းနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်နေရတယ်လို့ ပြောပါတယ်။