စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို မန္တလေး အိုးဘိုထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၂၇ ရက်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုကာ မနေ့က အမိန့်ချခဲ့တာပါ။
မန္တလေးက ရှေ့နေတဦး“ဒီနေ့ထောင်တွင်း တရားရုံးကနေ ဒေါ်ရွက်နုအောင်ကို အမိန့်ချတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့။ ပုဒ်မ ၅၀ (ည) ဆိုတာ ငွေကြေးထောက်ပံ့တာတို့ ဘာတို့ပေါ့။” လို့ ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။