Home
မြန်မာသတင်း
ရန်ကုန်မြို့ ဗြိတိသျှသံရုံး၊ အမေရိကန်သံရုံးနှင့် နေပြည်တော်တွင် နေ့စားသမားများဆန္ဒပြ
DVB
·
December 28, 2022
322115391_670533424774459_2186318371651305703_n
321678870_468372738597537_5940814755861008622_n

ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးရှေ့၊ အမေရိကန်သံရုံးရှေ့နဲ့ နေပြည်တော်မှာ  ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့ မနက် တပ်ထောက်ခံသူတွေ၊ မဘသတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တချို့ပါဝင်တဲ့ စစ်အုပ်စုက  နေ့စားခယူပြီး ဆန္ဒပြခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကျောက်တံတားမြို့နယ် ကမ်းနားလမ်းမပေါ်ရှိ ဗြိတိသျှသံရုံးရှေ့ကို ဒီကနေ့ မနက် ၁၁ နာရီက ဟိုက်ဂျက်ကားတစ်စီးနဲ့ လူအယောက် ၂၀ လောက်ရောက်လာကာ  ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြကြတယ်လို့  ကမ်းနားလမ်းနေသူတစ်ဦးက  ပြောပါတယ်။

“အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြတဲ့သူတွေ ဗြိတိသျှသံရုံး ရှေ့ထပ်ရောက်လာပြီး ဆန္ဒပြတာ။ ဘာမှနားမလည်ပေမဲ့ သူတို့ကတော့ နေ့တွက်ခအတော်လေးရမှာ။ ဘယ်သံရုံးတွေမှာ ထပ်ပြဦးမလဲ မသိဘူး။”

ဗြိတိသျှသံရုံးဘေးလမ်းမှာ  စစ်ကောင်စီတပ်နဲ့ ရဲတွေရှိနေပေမဲ့ ဆန္ဒပြနေသူတွေဟာ စစ်တပ်ထောက်ခံသူတွေဖြစ်လို့ လာရောက်တားမြစ်တာမရှိဘူးလို့  အနီးနားမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီကလည်း ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိတဲ့ အမေရိကန် သံရုံးရှေ့ကိုလည်း အမျိုးသားရေးသမားတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေမှာလည်း ကြံ့ခိုင်ရေးပါတီဝင်အများစုနဲ့ တပ်ထောက်ခံတွေ ပူးပေါင်းကာ အမေရိကန်ကို ကန့်ကွက်ကြောင်း ဆန္ဒပြကြတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“သူတို့ကတော့ ထူးတယ်။ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးထုတ်ပြန်ချက်ကို ကြိုဆိုတယ်။ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တယ်။  အများစုက ကြံ့ဖွတ်တွေ။”

NUG၊ CRPH၊ PDF ကို ကူညီပေးဖို့ ပါဝင်တဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA 2023) ကို အမေရိကန်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းလိုက်တာဟာ ပြည်တွင်းရေး စွက်ဖက်တာလို့ စစ်ကောင်စီက ကြေညာပြီး နောက်တနေ့မှာ တပ်ထောက်ခံသူတွေက သံရုံးရှေ့ လာရောက်ဆန္ဒပြတာဖြစ်ပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကိုလည်း ဆန္ဒပြတဲ့ စစ်အုပ်စုက  ကန့်ကွက်ရှုတ်ချထားကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024