မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးပြဿနာကို ညင်သာစွာ အဖြေရှာသွားမယ်လို့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားလိုက်ပါတယ်။
မွန်အမျိုးသားလူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ထားဝယ်ခရိုင် ရေးချောင်းဖျားဒေသ ညီစားမှာ ဒီဇင်ဘာ ၂၈ ရက် မနက်က ကျင်းပရာမှာ ပြောကြားလိုက်တာပါ။
မွန်တမျိုးသားလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီးတော့ မွန်လူငယ်တွေရဲ့သမိုင်းတွေဟာ ရှေ့ဆက်လက်ဆင့်ကမ်းမယ့်အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို ပုံဖော်ပြီး ထောက်အကူပြုသွားဖို့၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးပြဿနာကို ညင်သာစွာ အဖြေရှာသွားမယ်လို့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာက ထည့်သွင်းပြောကြားလိုက်ပါတယ်။
လက်ရှိသွားနေတဲ့ မွန်ပြည်သစ်ပါတီဘက်က စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အရာတွေကို အခုအချိန်မှာ ပွင့်လင်းမြင်သာဖို့လိုအပ်တယ်လို့ မွန်ပြည်နယ်မှာအခြေစိုက်တဲ့ မွန်တော်လှန်ရေးလက်နက်ကိုင်ဒေသ ကာကွယ်ရေးတပ်တွေကရော မွန်အရပ်ဖက်အဖွဲ့စည်းတွေကပါ အကြံပြုထားပါတယ်။
မွန်လူငယ်အမျိုးသားနေ့ဟာ မွန်လူမျိုးတွေရဲ့ ချစ်ခင်ရင်းနှီးမှု အပြန်လှန်လေးစားမှုတွေ မွန်လူမျိုးတွေရဲ့ စာပေယဥ်ကျေးမှုတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားဖို့ ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပါတယ်။
အခမ်းအနားမှာ မွန်အမျိုးသားအလံကို အလေးပြုကြပြီးတော့ မွန်သံဃာတော်တွေ မွန်ပြည်သစ်ပါတီဝင်တွေ၊ မွန်ပြည်နယ်က မွန်အရပ်ဘက်လူမှုအဖွဲ့စည်းတွေနဲ့ မွန်လူငယ်တွေက တက်ရောက်ခဲ့ကြပါတယ်။