ပဲခူးတိုင်း၊ ပြည်မြို့၊ ဆင်ဆုရပ်ကွက်မှာ နေထိုင်တဲ့ ကာတွန်းဆရာ ကာတွန်းတာတီးကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၂၇ ရက် မနက်က ဖမ်းဆီးသွားတယ်လို့ သူနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဆင်ဆုရပ်ကွက် နေသူတယောက်က “မနေ့က မနက်ပိုင်းမှာ အိမ်တက် ဆွမ်းကျွေးပွဲသွားတာ အပြန်မှာ သင်္ဘာဆိပ်လမ်းက လဝန်းသာ လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း စစ်တပ်က လာခေါ်သွားတာ။ ဘာလို့ဖမ်းသွားတာလဲတော့ မသိဘူး။ စစ်ကောင်စီတပ်သားတွေကတော့ ခဏမေးစရာရှိလို့ဆိုပြီး ခေါ်သွားတာပဲ။ အခု ၂၄ နာရီကျော်သွားပြီ ပြန်မပို့ဘူး”လို့ ပြောပါတယ်။
ကာတွန်းတာတီးကို လတ်တလော ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရလို့ မိသားစုက လိုက်လံစုံစမ်းနေပြီး ရဲစခန်းမှာလည်း မတွေ့တဲ့အကြောင်းနဲ့ ခြေထောက်လည်း မသန်တာရယ် ကျန်းမာရေးလည်း သိပ်မကောင်းတဲ့အတွက် မိသားစုဝင်တွေက အရမ်းစိတ်ပူနေတယ်လို့ ဆိုပါတယ်။
ကာတွန်းတာတီးကို အောင်လံ-ပြည် လမ်းပေါ်က တပ်မ ၆၆ လက်အောက်ခံ ၉၅၉ တပ်ဖွဲ့ဝင်တွေက လာဖမ်းသွားတာဖြစ်ပြီး စစ်ကြောရေးလုပ်နေတယ်လို့ တပ်မိသားစုဝင် တယောက်ဆီက သိရပါတယ်။
ကာတွန်းတာတီးက ပြည်တွင်းပြည်ပ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ နှစ်ပေါင်းများစွာ ကာတွန်းရေးကာ အသက်မွေးဝမ်းကျောင်းနေသူဖြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာ သူ ရေးပို့နေကြ၊ သတင်းဌာနတွေက ပြည်ပကိုရောက်သွားပြီး တရားမဝင် သတင်းဌာနအဖြစ် သတ်မှတ်ခံလိုက်ရတာကြောင့် ကာတွန်းရေးတာကို ခဏနားထားတယ်လို့ သိရပါတယ်။