ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၆ ရပ်ကွက်၊ ၄၄ လမ်းမှာ ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၀ ရက်က စစ်ကောင်စီတပ် ဖမ်းဆီးခံရတဲ့ လူငယ် ၇ ဦးကို အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ဒီနေ့ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။
ဗိုလ်တထောင်မြို့နယ်၊ ၆ ရပ်ကွက်၊ ၄၄ လမ်းရှိ တိုက်ခန်းတခုရဲ့ လေးလွှာမှာ ဖမ်းဆီးခံရတဲ့ လူငယ်သုံးဦးနဲ့ ထပ်မံဖမ်းဆီးရမိသူ လူငယ်လေးဦးကို ပုဒ်မ ၃၊ ပုဒ်မ ၅၊ ပုဒ်မ ၆ တို့နဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့တာလို့ တရားလွှတ်တော်ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ ၇ ယောက်ထဲမှာ ၆ ယောက်က ထောင်ဒဏ် ၁၂ နှစ်၊ တက္ကစီယာဥ်မောင်းကို ထောင် ၇ နှစ် ချလိုက်တာ။”
အင်းစိန်အကျဉ်းထောင်ရှိ ဗိုလ်တထောင်ခရိုင်တရားရုံးကနေ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့မှာ ကိုရဲမင်းဦး၊ ကိုမင်းသစ္စာအောင်၊ ကိုဝေယံထက်၊ ကိုသီဟကောင်းဆက်၊ ကိုဝေဖြိုးအောင်နဲ့ မပိုးကျော်ကျော်ခန့်တို့ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပြီး တက္ကစီယာဉ်မောင်းကိုတော့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ် ၁၀ ရက်က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ တိုက်ခန်းတခန်းရဲ့ လေးလွှာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ လူငယ် ငါးဦး တိုက်ပေါ်က ခုန်ချခဲ့လို့ နှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ကျန်သူတွေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။