မကွေးတိုင်း မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က တယောက် သေဆုံး၊ ၄ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ က သိရပါတယ်။
ဖောင်းကွဲကျေးရွာနားမှာ မနေ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၂ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ကျောက်ဆောက်ရွာနားက တောင်ရွာကို မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၂၆ လုံးလောက် မီးလောင်ကျွမ်းခဲ့တယ်လို့ သတင်းကြားပြီး အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
မြိုင်မြို့နယ် မြောက်ပိုင်းဇုန်က ရွာသစ်ကုန်း၊ မကျီးကန်နဲ့ ညောင်ကုန်းရွာဘက်မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ မနေ့က ညနေ ၃ နာရီကနေ ၄ နာရီလောက်အထိ စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ရဟတ်ယာဥ် တစီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ နေအိမ်၊အဆောက်အုံတွေ ထိခိုက်ပျက်စီးခဲ့တယ်တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၂) တပ်ရင်းမှူး ဗိုလ်ကျောက်တောင်က ပြောပါတယ်။
မြိုင်မြို့နယ် အရှေ့ပိုင်းနဲ့တောင်ပိုင်းကို စစ်ကောင်စီဘက်က စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်း ထိုးနေလို့ ကျေးရွာ ၇ ရွာလောက်က ဒေသခံပြည်သူ ၇၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေး နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်း ချောက်မြို့မှာလည်း စစ်ကေင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက လက်လုပ်ဗုံးတလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့-CGF နဲ့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အဲဒီပေါက်ကွဲမှုကြောင့် ပြည်သူတွေ ထိခိုက်မှု ရှိခဲ့ပါက ညီနောင်မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်းCGF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း ကိုယ်နဲ့မသက်ဆိုင်တဲ့ မသင်္ကာဖွယ် ပစ္စည်တွေ့ ရှိပါက ကိုင်တွယ် ရွှေ့ပြောင်းတာ မလုပ်ဖို့ မေတ္တာရပ်ခံလိုတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ချောက်မြို့ အမှတ် ၅ ရပ်ကွက် လမ်းမတော်လမ်း၊ အမှတ်(၂) ကလပ်နားမှာ လက်လက်လုပ် ဗုံး တလုံးပေါက်ကွဲခဲ့ပြီး ထိခိုက်မှု မရှိခဲ့ဘူးလို့ ချောက်မြို့ဒေသခံ တဦးက ပြောပါတယ်။