ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့ ဒီဇင်ဘာ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ငြိမ်သက်သွားတာကြောင့် ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်သွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲက ငြိမ်သွားတော့ အပျက်အစီးများတဲ့ ကုန်းသာရွာကလွဲရင် ကျန်တဲ့ရွာတွေ အကုန်နေရပ်ပြန်သွားကြပြီ။ နမ့်ဆန်မြို့ခံတွေကလည်း စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးခဲ့ကြတယ်” လို့ နမ့်ဆန်မြို့ခံတဦးက ပြောပါတယ်။
တအာင်း(ပလောင်)ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာဘက်ကို ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်ပြီး လေကြောင်းကပါ တိုက်ခိုက်လာတာကြောင့် TNLA တပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
တိုက်ပွဲတွေကြောင့် ကုန်းသာ၊ မန်လုံ၊ ဟူးမန်း၊ ပိန်းလုံ၊ ပန်အလောတ်၊ တာလတ်ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး နမ့်ဆန်မြို့ဘက်ကို တိမ်းရှောင်ခဲ့ရပါတယ်။
လက်ရှိ စစ်ဘေးရှောင်တွေ နေရပ်ပြန်ကြပြီဆိုပေမယ့် တိုက်ပွဲအတွင်း အပျက်အစီးများခဲ့တဲ့ ကုန်သာကျေးရွာက ပြည်သူတွေ နေရပ်ပြန်ဖို့ ခက်ခဲနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
“ကုန်းသာရွာက ဘုန်းကြီးကျောင်းကော၊ စာသင်ကျောင်းကော လူနေအိမ်တွေကို အားလုံးနီးပါး ကျည်ထိမှန်ပျက်စီးတာတွေရှိတယ်။ လုံး၀ မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေလည်းရှိသလို အိမ်တိုင်းလိုလိုလည်း ကျည်ထိထားတာတွေရှိတယ်။ ဒီတော့ အဲ့ဒီရွာက ပြည်သူတွေကတော့ နမ့်ဆန်မှာပဲ ဆက်နေနေသေးတယ်။ နေအိမ်တွေ ဘာတွေပြင်ပြီးမှ ပြန်ကြမယ်ပြောတယ်။ အားလုံးကလည်း ပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းကူညီနေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့တဲ့ ကုန်းသာရွာကို ပြန်လည်ထူထောင်ရေးလုပ်ဆောင်နိုင်ဖို့ ပြည်တွင်း ပြည်ပ တအာင်း(ပလောင်) လူမျိုးစုတွေအပြင် အခြားသော ပြည်သူတွေကလည်း ထောက်ပံ့ငွေတွေ ထည့်ဝင်လှူဒါန်းကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။