ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့အနီးရှိ ထုံကြီးစံပြကျေးရွာမှာ ဒီဇင်ဘာ ၂၂ ရက် မနေ့နေ့လယ်က ကြံ့ခိုင်ရေးပါတီဝင်တယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။
ထုံကြီးစံပြကျေးရွာ အထက်တန်းကျောင်း အာစရိယပူဇော်ပွဲအတွက် ဗီနိုင်းပိုစတာသွားထုတ်ပြီးအပြန်လမ်းမှာ ဆိုင်ကယ်စီးလာတဲ့ အမည်မသိအမျိုးသားနှစ်ယောက်က သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့တာလို့ ကျေးရွာနေသူတဦးက ပြောပါတယ်။
"အင်းတကော်မှာ အပ်ထားတဲ့ ဗီနိုင်းသွားယူပြီး ရွာကိုပြန်လာတဲ့အချိန် သေနတ်နဲ့ပစ်သွားတာ ပွဲချင်းပြီးသေသွားတယ်။"
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ထုံးကြီးစံပြကျေးရွာမှာ နေထိုင်တဲ့ ဦးဖိုးသက်ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"သူက ပရဟိတလည်းလုပ်တယ်၊ ပြည်ခိုင်ဖြိုးပါတီဝင်လည်းဟုတ်တယ်၊ ခေါင်းကိုပဲပစ်သွားတာ။ အခုတော့ ရွာမှာ စစ်တပ်က စစ်ဆေးတာတွေလုပ်နေတယ်။"
ဦးဖိုးသက်ကို ဘယ်အဖွဲ့က ဘာကြောင့် ပစ်သတ်ခဲ့တာဆိုတောတော့ အသေးစိတ် မသိရသေးပါဘူး။
လတ်တလောမှာ ထုံကြီးစံပြကျေးရွာမှာ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ကျေးရွာသားတချို့ကို စစ်ဆေးနေပါတယ်။