ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာနေ သားအမိ ၃ ယောက် ဥယျာဉ်ခြံဘေးက ချောင်းမှာ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ရေနစ် သေဆုံးခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ဒေါ်မဖြူတင် (၃၆ နှစ်)၊ သမီးဖြစ်သူ မစုမြတ်လှိုင် (၁၆နှစ်) နဲ့ မစုမြတ်နှင်း (၄ နှစ်) တို့ဟာ ရွာရဲ့တောင်ဘက်ရှိ သူတို့ရဲ့ ဥယျာဥ်ခင်းနားက ချောင်းမှာ ရေမြုပ်သေဆုံးနေတာလို့ ကုလားဘာကျေးရွာသား ဦးကျော်လှထွန်းက ပြောပါတယ်။
"ရွာရဲ့ တောင်ဘက်မှာ သူတို့မှာ ဥယျာဥ် စိုက်ထားကြတာတွေ ရှိတယ်။ အဲဒီအနားမှာ ချောင်းငယ်လေးတခုရှိတယ်။ အဲဒီချောင်းက ၈ တောင်လောက်တော့ နက်တယ်။ အဲဒီမှာ သူတို့ ဥယျာဉ်ခင်းကို ရေပေးရင်း ရေနစ်ကြတာလို့ ယူဆရတယ်။ မျက်မြင်တွေကတော့ ဘယ်သူမှ မရှိတော့ တိတိကျကျတော့ မပြောနိုင်ဘူး။ ရေနစ်တာက နေ့လယ် ၁၂ နာရီလောက်မှာ ဖြစ်မယ်လို့ ခန့်မှန်းရတယ်။ အချိန်လွန်လို့ အိမ်မရောက်တာကြောင့် ယောကျ်ားဖြစ်သူက သွားရှာပြီးမှ ရေနစ်တာ သိရတာ။"
သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ညနေ ၃ နာရီလောက် ပြန်လည်တွေရှိခဲ့ပြီး အခု ညတွင်းချင်း သင်္ဂြိုဟ်ဖို့ လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဇွန်လတုန်းကလည်း ကျောက်ဖြူမြို့၊ သဗ္ဗာန်ချောင်းရပ်ကွက်က အသက် ၁၅ နှစ်အရွယ် မောင်ပိုင်စိုးမိုး နဲ့ အသက် ၁၀ နှစ်အရွယ် မောင်စိုးမိုးတို့ နှစ်ဦး ဖောင်တော်မှာ ရေဆင်းကူးစဉ့် ရေနစ်ပြီး သေဆုံးခဲ့ကြပါတယ်။