တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာနေပြည်သူတချို့ လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက် မနက် ၈ နာရီလောက်မှာ ညောင်ပင်ကွင်းကျေးရွာကို စစ်ကောင်စီတပ် အင်အား ၃ဝ ကျော်လောက်က လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၆ ဦးဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မနက် ၈ နာရီကျော်လောက်ကပဲ လာပစ်သွားတာ။ လက်နက်ကြီး ထိမှန်တဲ့လူတွေလည်း ရှိတယ်။ အခုဆို သူတို့ နောက်တကြိမ်လာပြီးတော့ ထပ်ပစ်မှာကိုလည်း ကြောက်နေရတယ်။”
စစ်ကောင်စီတပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား နှစ်ဖက် တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့လာရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ညောင်ပင်ကွင်းကျေးရွာမှာ အရင်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ်တာကြောင့် ဒေသခံပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးတယ်လို့ သိရပါတယ်။