Home
မြန်မာသတင်း
ဘုရားသုံးဆူမြို့ခံများ ထိုင်းနိုင်ငံဘက် စစ်ဘေးရှောင်
DVB
·
December 20, 2022
Three_Pagodas_Pass_Myanmar_border_sign

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ တပ်မဟာ ၆ နယ်မြေမှာရှိတဲ ဘုရားသုံးဆူမြို့ကို  KNLA နဲ့ PDF တပ်ဖွဲ့တွေ ပူးပေါင်းသိမ်းမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်ပြီး ထိုင်းဘက်ကို စစ်ဘေးရှောင်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘုရားသုံးဆူရှိ စိုးမိုးကုန်းဆိုတဲ့နေရာမှာသာ စစ်ကောင်စီတပ်သားတွေထိုင်နေပြီး ကျန်တဲ့နေရာမှာ မရှိတော့တဲ့အနေထားမှာ မြို့သိမ်းမယ်ဆိုတဲ့သတင်းကြောင့်လူတွေ ထွက်ပြေးတိမ်းရှောင်နေကြတာလို့လည်း ပြောပါတယ်။

ဒေသခံတဦးက “မြို့ကို ကေအန်ယူ တပ်မဟာ ၆ က သိမ်းမယ်ဆိုပြီး သတင်းထွက်တဲ့အတွက် လူတွေက ထွက်ပြေးကြတယ်။ တတ်နိုင်တဲ့လူတွေကတော့ ထိုင်းဘက်ခြမ်းကို ဝင်ပြေးတာပေါ့။ မရှိတဲ့လူတွေကျတော့ နေနေကြတာပေါ့။”

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြိုနယ်တွေမှာ ဒီဇင်ဘာလဆန်းပိုင်း လောက်ကစပြီး တိုက်ပွဲတွေရက်ဆက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေသလို စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်မနေ့ကလည်း ကော့ကရိတ်မြို့နယ် ကော့နွဲကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ် ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ဘုရားသုံးဆူဒေသရှိ သပြုခဲသတ္တုမိုင်းအမှတ် (၆) လုပ်ကွက်စခန်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ကနေ ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ရာ မိုင်းစခန်းတခုလုံး ပေါက်ကွဲပြီး တရုတ်နိုင်ငံသား ၃ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၈ ဦးပြန်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ကေအန်ယူထိန်းချုပ်နေရာတွေမှာရှိတဲ့ သတ္တုတွင်းနေရာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သလို နေ့စဉ်နဲ့အမျှ ကျေးရွာတွေကိုလည်း  ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024