စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ညောင်ကုန်းရွာနားမှာ ထီးချိုင့်မြို့နယ်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA၊ KPDF ပူးပေါင်းတပ်တို့ ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ကုန်းရွာနားမှာ မနက် ၇ နာရီက တကြိမ်၊ မနက် ၉ နာရီက တကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်တွေ ထိခိုက်ကျဆုံးတဲ့ အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးက "တိုက်ပွဲက တရက်ထဲ နှစ်ကြိမ်ဖြစ်တာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာ ရှိတယ်။ ထီးချိုင့်မှာ မီးရှို့သလို အင်းတော်ကိုလည်း လုပ်မယ်ဆိုပြီး သတင်းရထားတာ။ အင်အားတွေ ချထားတာ အများကြီးပဲ"လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနားက ဂျုံးဂျုံးကျကျေးရွာ ရွာသစ်ပိုင်း နဲ့ ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်က ရွှေအင်းတော်စားသောက်ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကွင်းချောင်းကျေးရွာ ဒေသခံ အမျိုးသား တဦးက ပြောပါတယ်။
ဂျုံးဂျုံးကျကျေးရွာသစ်မှာ အိမ်ခြေ ၅၀ ဝန်းကျင်ရှိပြီး မီးလောင်ပျက်စီးသွားတဲ့ အိမ် အရေအတွက်ကိုမူ မသိရသေးပါဘူးတယ်။
ဂျုံးဂျုံးကျကျေးရွာအပါအဝင် လယ်ပြင်ရွာ၊ မအူကုန်းရွာ၊ ပိန်းအင်းရွာ၊ သောင်မြင်းရွာနဲ့ ကွင်းချောင်းကျေးရွာက ဒေသခံတွေ စစ်ကြောင်းနဲ့လွတ်တဲ့ ကျေးရွာဘက်တွေကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။