မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် မြောက်တပ်ကို ရေးဘီလူးအဖွဲ့က ဒီဇင်ဘာ ၁၆ ရက် မနက်မှာ ၄၀ မမ၊ ၇၉ လက်နက်တွေနဲ့ ၅ ချက်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဒီဗွီဘီကို ပြောပါတယ်။
“အမြောက်တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံး များပြားနိုင်ခဲ့တယ်။ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပဲဖြစ်တယ်။ ရေးဘီလူးအဖွဲ့ ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာသွားခဲ့တယ်။”
အမြောက်တပ်နဲ့ အနီးနားက ဒေသခံတယောက်က “ရေးအမြောက်တပ်ဘက်ခြမ်းမှာတော့ သေနတ်ပစ်သံတွေ ကြားရတယ်။ အနီးနားက ခြံသမားတွေက အမြောက်တပ် သေနတ်ပစ်နေတဲ့အချိန်မှာ ဘယ်သူမှ မသွားရဲကြဘူး။ ရေး-ထားဝယ် ကားလမ်းဘေးကတပ် ဖြစ်တော့ ခရီးသွားကားတချို့လည်း အသွားအလာ မလုပ်ကြဘဲ နာရီအတော်ကြာ နေခဲ့ရတယ်။ ဘာသံမှ မကြားတော့မှ လူတွေ ပြန်ပြီးသွားလာခဲ့ကြတယ်” လို့ ပြောပါတယ်။
ရေးဘီလူးအဖွဲ့ဟာ အခု စစ်ကောင်စီအမြောက်တပ်ကို ပစ်ခတ်တိုက်ခိုက်တာ အပါအဝင် စစ်ကောင်စီရဲ့ လက်ပါးစေတွေဖြစ်တဲ့ စစ်တပ်၊ ရဲ သတင်းပေး ၂ ဒါဇင်ကျော်လောက်ကို သုတ်သင်ရှင်းလင်းထားပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ရေးဘီလူးအဖွဲ့ဝင်တွေ အခြေစိုက်ရာ စခန်းတွေကို မြေပြင်ရော ဝေဟင်ကပါ ကင်းထောက် စုံစမ်းနေတဲ့ကြားက အခုလို တိုက်ခိုက်ခဲ့တာပါ။
မကြာခဏဆိုသလို အဲဒီအမြောက်တပ် တိုက်ခိုက်ခံရတာကြောင့် စစ်တပ်က ညဘက်တွေမှာ တပ်ဧရိယာအနီးနားကို လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။