စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက် နယ်မြေ ၆ မှာ နေထိုင်တဲ့ ဒီဇိုင်နာ (စက်ချုပ်ဆရာမ) ဒေါ်ခင်ခင်နှင်းတို့ ညီအစ်မနှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၅ ရက် နေ့ခင်းပိုင်းက သူတို့ရဲ့နေအိမ်ကို ဝိုင်းပြီး ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဒေါ်ခင်ခင်နှင်းနဲ့ ဒေါ်အေးအေးသင်းတို့ကို ဒေသခံကာကွယ်ရေးတပ်တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ အိမ်နီးချင်းတဦးကပြောပါတယ်။
“ခင်နှင်းက အိမ်မှာစက်ချုပ်တာ။ သူ့အမ အေးသင်းက အိမ်မှုအချက်အပြုတ်ပေါ့။ ခင်နှင်းက ကလေးမြို့ စက်ချုပ်တဲ့အပိုင်းမှာ မသိတဲ့သူမရှိသလောက်ပဲ။ နာမည်ကြီး ဒီဇိုင်နာတယောက်ပါ။ သူတို့က အန်အယ်လ်ဒီပါတီဝင်တွေပါ။ သူများသတင်းပေးလို့ ဖမ်းတာဖြစ်နိုင်တယ်။ စစ်သားတွေက အိမ်ကို အရင်ဝိုင်းပြီးမှ ဖမ်းသွားတာ။ ဖမ်းသွားတုန်းက PDF ထောက်ပို့ဆိုပြီး ဖမ်းဆီးသွားတာ။”
ဒီဇိုင်နာ ခင်ခင်နှင်းတို့ ညီအစ်မနှစ်ယောက်ကို စစ်ကောင်စီက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အတွင်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။
ကလေးမြို့မှာ မနေ့က အောင်သစ္စာရပ်ကွက်က ဒေါ်မိမိဝင်းနဲ့ အောင်မြေမာန်ရပ်ကွက်က ဒေါ်နှင်းဖြူစင်လှိုင်တို့ကိုလည်း စစ်ကောင်စီက PDF ထောက်ပို့ဆိုပြီး ဖမ်းဆီးသွားခဲ့ပါသေးတယ်။
ဒီဇင်ဘာ ၁၄ ရက်ကလည်း မြို့သာရပ်ကွက်မှာ မစုလတ်တင် ဖမ်းဆီးခံရပြီးနောက် အောင်မြေမာန်ရပ်ကွက်က မဇူးဇင်မောင်တို့ မိသားစုဝင် ၄ ဦးကိုလည်း စစ်ကောင်စီက PDF ထောက်ပို့ဆိုပြီး ဖမ်းဆီးခဲ့ပါသေးတယ်။