စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ မဲအိုးရွာဘုန်းကြီးကျောင်းမှာ သိမ်းဆည်းထားတဲ့ ဆန်တွေကို စစ်ကောင်စီတပ်က ဘိလပ်မြေတွေနဲ့ရောကာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် ဒေသခံပြည်သူတွေ စားနပ်ရိက္ခာ အခတ်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဒီပဲယင်းမြို့ မဲအိုးရွာ အနီးဝန်းကျင်ရှိ ကျေးရွာတွေကို လိုက်လံမီးရှို့ ဖျက်ဆီးနေချိန်ကတည်းက အိမ်ရှိဆန်တွေကို လတ်တလောစားဖို့သာချန်ပြီး ရွာဘုန်းကြီးကျောင်းမှာ သွားရောက်သိမ်းဆည်းထားခဲ့ကြတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ရွာကိုမီးရှို့ရင် ဆန်တွေပါသွားမှာစိုးရိမ်လို့ ဘုန်းကြီးကျောင်းမှာ သွားထားကြတာ။ ဘုန်းကြီးကျောင်းပါ မီးရှို့သွားတော့ ကုန်ရော။ တရွာလုံးကဆန်တွေ အဲ့မှာ သွားထားကြတာ အများကြီးပဲ။ အရေအတွက်က မနည်းဘူး။ စစ်(--) တွေလုပ်သွားတာ သဲတွေ ဘိလပ်မြေတွေနဲ့ ဆန်တွေကိုရော စားဆီတွေလောင်းပြီး မီးရှို့သွားတယ်။ တချို့ဟာတွေကြတော့လည်း သူတို့ယူသွားတယ်။ သယ်လို့မနိုင်တဲ့ဟာတွေကို မီးရှို့ထားခဲ့တာ။”
မီးဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ S&C က “စစ်တပ်က ဒီပဲယင်းမြို့နယ်ထဲ မီးပတ်ရှို့နေတော့ သူတို့ဆီလည်း လာမယ်ဆိုတာ ကြိုတွေးရုံနဲ့ သိကြတာပေါ့။ နောက်တော့ သူတို့ပါ ပါသွားရော။ ဆန်တွေကို ဘယ်သူမှပြန်မယူဘူးလေ။ ပြန်ယူလို့မရအောင်လည်း ဘိလပ်မြေတွေနဲ့ရောပြီး မီးရှို့သွားတာကို။ အခု S&C အဖွဲ့က တတ်နိုင်သလောက် ထောက်ပံ့မှုတွေ ပေးထားပါတယ်။ တဲအိမ်လေးတွေ ဆောက်ပေးဖို့လည်း စီစဉ်ထားပါတယ်။ နေ့စဥ်ရက်ဆက် စစ်ရှောင်တွေအတွက် ကျွေးမွေးမှုက အခက်အခဲ နည်းနည်းရှိလာပါတယ်။ ကုန်ဈေးနှုန်းတွေကလည်း အဆမတန်တက်နေတော့ လူတိုင်းစေ့ ထောက်ပံ့ပေးနိုင်ဖို့ ကြန့်ကြာလာတယ်။ သူတို့တွေ အရေးပေါ်လိုအပ်နေတဲ့ စောင်နဲ့ ခြင်ထောင်တွေ ခွဲဝေပေးထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်းက မီးဘေး စစ်ဘေး ပညာရေးစောင့်ရှောက်ရေးအဖွဲ့ S&C မှ ကူညီထောက်ပံ့ပေးထားတဲ့ စစ်ရှောင်စခန်းတခုမှာ မီးဘေး၊ စစ်ဘေး လာရောက် ရှောင်တိမ်းနေသူ ဦးရေ ၁,၀၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မဲအိုးကျေးရွာကို ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၁ ရက်နေ့အထိ ၂ ရက် ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဘုန်းကြီးကျောင်း အပါအဝင် အိမ်ခြေ ၉၀ နီးပါး မီးရှို့ခံလိုက်ရပြီး အိမ်ခြေ ၈၀ မီးလောင်ပြာကျကာ ဒေသခံအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။