ရန်ကုန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် ၂ လမ်းမပေါ်ရှိ တပ်ရင်း ၃ အနီးမှာ ဒီဇင်ဘာ ၁၄ ရက် ည ၉ နာရီခွဲလောက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
တောင်ဒဂုံမြို့နယ် မြို့စောင့်တပ် တပ်ရင်း ၃ အနီးမှာ မနေ့ ည ၉ နာရီခွဲက ဗုံးနှစ်ကြိမ်ပေါက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ဗုံးပေါက်တဲ့အသံက အတော်လေးကျယ်တာ၊ တောင်ဒဂုံရော အရှေ့ဒဂုံပါ ကြားရတယ်။ ကားလမ်းပဲခြားတာ တပ်ရင်း ၃ ကတော့ တောင်ဒဂုံဘက်မှာပါတယ်။ ဗုံးတလုံးနဲ့တလုံး ငါးမိနစ်လောက်ကွာတယ် ပေါက်တာ။”
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သားေတွ လှည့်ကင်းကားတွေနဲ့ ရောက်လာပြီး တပ်ရင်း ၃ အနီးမှာ လိုက်လံစစ်ဆေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညပိုင်းက ဗုံးပေါက်ကွဲခဲ့တဲ့ တပ်ရင်း ၃ ဂိတ်ဝမှာ ပြီးခဲ့တဲ့နှစ်ကလည်း ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်း မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၄ ရက်နေ့အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၁၇ ကြိမ်ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးရှိပါတယ်။