ကယား( ကရင်နီ )ပြည်နယ် ၊ ဒီးမော့ဆိုမြို့၊ ကုန်းသာတိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ တော်လှန်ရေး ရဲဘော် ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်လိုက်ပြီလို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု KRU ထံက သိရပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ဟာ KRU လက်အောက်ခံ GZ-21 Loikaw မှ အသက် ၂၁ နှစ်အရွယ် ရဲဘော် မောင်သန်းထိုက်ဇော် (ခ) အယ်လွမ်းဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်က ကုန်းသာကျေးရွာအတွင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခုခံတိုက်ခံရင်း တိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ ရဲဘော် ၁ ဦးလည်း ဖြစ်ပါတယ်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU မှ တာဝန်ရှိသူက "စစ်ကောင်စီက ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေနဲ့ ရဲဘော်ရဲ့ အဝတ်အစားတွေ၊ ကျနော်တို့ တပ်စွဲခဲ့စဉ်က အသုံးအဆောင် ပစ္စည်းတွေကို ကြည့်ပြီး အတည်ပြုလိုက်တယ်။ Dead body တော့ မရပါဘူး။ စစ်( - ) တွေလက်ထဲမှာပါ’လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာမှာလည်း ဒီဇင်ဘာ ၇ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း-၆ မှ ရဲဘော် ၃ ဦး ကျဆုံးသွားခဲ့ကြောင်း အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။