ရန်ကုန်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ လဝကဦးစီးမှူးရုံးမှာ ဒီဇင်ဘာ ၁၂ ရက် ဒီမနက် ၁၀ နာရီခွဲက ဗုံးပေါက်ကွဲပြီး လူ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၂၄ ရပ်ကွက် အင်းဝလမ်းမှာရှိတဲ့ မြို့နယ်လဝကဦးစီးမှူးရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
“ဒဏ်ရာရတာက နှစ်ယောက် ဝန်ထမ်းလား၊ မှတ်ပုံတင်လာလုပ်တဲ့သူလား မသိဘူး။ လူနာတင်ယာဥ်နဲ့လာသယ်သွားတာ”လို့ ပြောပါတယ်။
မြို့နယ် လ.ဝ.က ဦးစီးမှူးရုံးကို ဆိုင်ကယ်စီးလာသူနှစ်ယောက်က လက်လုပ်ဗုံးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး ဧည့်နားနေဆောင်ကိုကျရောက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ လ.ဝ.ကဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အမျိုးသားတတယောက်နဲ့ အမျိုးသမီးတယောက် ထိတယ်။ ဝန်ထမ်းမဟုတ်ဘူးလို့တော့ သိရတယ်။ အခုဆေးရုံမှာ။”
ပေါက်ကွဲမှုဖြစ်ပြီးနောက် လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ လ.ဝ.က ဦးစီးမှူးရုံးထဲမှာ စစ်ဆေးနေပြီး အင်းဝလမ်းတလျှောက်ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၁၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၁၅ ကြိမ်ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၁ ယောက်အထိရှိပါတယ်။