ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ စစ်တွေမြို့ကို ဒီဇင်ဘာ ၁၂ ရက် ဒီမနက် ၇ နာရီလောက်က ထွက်ခွာလာတဲ့ ရွှေပြည်တန် ခရီးသည်တင် အမြန်ရေယာဉ်နဲ့ စစ်ရေယာဉ်တို့တိုက်မိပြီး ခရီးသည် ၂ ယောက် ဒဏ်ရာရာသွားတယ်လို့ ရွှေပြည်တန်မြန်ရေယာဉ်တာဝန်ရှိသူက ပြောပါတယ်။
မြူ ကျနေတာကြောင့် ဘူးသီးတောင်ချောင်းထွက်ဝမှာ ရပ်ထားတဲ့ စစ်ရေယာဉ်တစီးနဲ့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။
အမြန်ရေယာဉ် တာဝန်ရှိသူက "မြူတွေကျနေတော့ ရပ်ထားတဲ့နေဗီကို မမြင်ရဘူး။ အနီးကိုရောက်ပြီး မြင်တော့ ကမ်းကို ထိုးရပ်လိုက်တာ။ နေဗီနဲ့တော့ လျှပ်ထိသွားတယ်။ ခရီးသည် ၂ ဦး ဒဏ်ရာရတယ်။ ဘူးသီးတောင်ဆေးရုံမှာ ဆေးကုပေးလိုက်ရတယ်။ တယောက်က ခေါင်းကွဲသွားတယ်။ နောက်တယောက်က ပွန်းပဲ့ဒဏ်ရာနဲ့ အကြောက်လွန်ပြီး သတိမေ့သွားတာ" လို့ ပြောပါတယ်။
အခုလို တိုက်မိတာကြောင့် ခရီးသည် ၂ ယောက် ဒဏ်ရာရခဲ့သလို ခရီးသည်တင် အမြန်ရေယာဉ်ရဲ့ ဦးပိုင်း အနည်းငယ် ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
"အခုဆို မင်းချောင်းတံတားကို ကျော်သွားပါပြီ။ နေ့လယ် ၁ နာရီလောက်ဆို စစ်တွေကို ရောက် တော့မှာပါ။ ဒဏ်ရာရသူတွေကိုတော့ စပိဘုတ်နဲ့ သွားသယ်လိုက်တယ်။ သူတို့လည်း ဆေးရုံက ဆင်းကြပါပြီ။ ဒဏ်ရာရတာက ရသေ့တောင်က တဦးနဲ့ စစ်တွေက တဦးပါ" လို့ ရွှေပြည်တန်မြန်ရေယာဉ်တာဝန်ရှိသူက ပြောပါတယ်။
အမြန်ရေယာဉ်မတော်တဆတိုက်မိခဲ့တာကြောင့် ဒဏ်ရာရပြီး ဆေးရုံတက်ကုသခဲ့ရတဲ့ အမျိုးသမီး ၂ ယောက်ကတော့ လက်ရှိမှာ ဘူးသီးတောင်မြို့ ရွှေပြည်တန်တာဝန်ရှိသူတွေရဲ့ အစီအစဉ်နဲ့ ကျန်းမာစွာအနားယူနေပြီး မနက်ဖြန်နေရပ်ကို ပို့ဆောင်ပေးမယ်လို့ သိရှိရပါတယ်။