ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ဒေသခံ ပြည်သူအယောက် ၄၀ ဒီဇင်ဘာ ၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ် ခမရ(၁၁)နဲ့ ခလရ(၄၂) စစ်ကြောင်းတွေ ဖားကန့်မြို့နယ်ထဲ ဝင်ရောက်လာချိန် လမ်းမှာတွေ့တဲ့ ဒေသခံ ပြည်သူ ၄၀ ကို ဖမ်းဆီးခဲ့တာဖြစ်ပြီ ကချင် ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)အဖွဲ့က စစ်ကောင်စီလက်အောက်ခံ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဆွေးနွေး ညှိနှိုင်းခဲ့ပြီးနောက် လွတ်မြောက်လာတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက် မနက်ကလည်း ဖားကန့်မြို့ တောမော်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်တို့ နှစ်ဘက်ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးကဆိုပါတယ်။
ဒေသခံတဦးက "ကေအိုင်အေ ကင်းပုန်းဝပ်စောင့်နေတဲ့ဘက်ကို စစ်ကောင်စီက အင်အား ၂၀ လောက်နဲ့ ကင်းလာလှည့်တဲ့အချိန်တိုက်ပွဲဖြစ်ကြတာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာရှိနိုင်တယ်" လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်အပါအဝင် ကချင်ပြည်နယ်အတွင်း ဒေသတချို့မှာ စစ်ရေးတင်းမာနေပြီး မကြာခဏ တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီ ဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေပါတယ်။