လှိုင်မြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံး ဒီကနေ့ ညနေပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီကနေ့ ညနေ သုံးနာရီကျော်က အင်းစိန်လမ်းမကြီးနဲ့ ကန်လမ်းထောင့်ရှိ မြို့နယ်လျှပ်စစ်ရုံးအဝင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရှိရာ ဘန်ကာမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
"ဗုံးပေါက်တာ အသံအတော်လေးကျယ်တာ။ ဗုံးပေါက်ပြီးတော့ သေနတ်သံတွေကြားရသေးတယ်။ ရုံးနားနေတဲ့သူတွေပြောတာတော့ စစ်တပ်က ရမ်းသမ်းလျှောက်ပစ်တယ်ပြောတယ်။ စစ်သားအချို့လည်း ထိတယ်ပြောတယ်။"
ဗုံးပေါက်ကွဲပြီးနောက် အင်းစိန်လမ်းမကြီးပေါ်ရှိ မြိုနယ်လျှပ်စစ်ရုံးအနီးတဝိုက်မှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို Emerald Girls Army (EGA)၊ နိင်ငံရေးအကျဉ်းသားများအားလုံး ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) နဲ့ Revolution of 21 Century အဖွဲတို့က ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၀ ရက်နေ့အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲ ၁၃ ကြိမ်ဖြစ်ခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။