ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး အနီးနားဝန်းကျင်က ဒေသခံရွာသားတွေ ရာနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ ဒီဇင်ဘာ ၈ ရက်က TNLA တပ်မဟာ-၂ စစ်ဒေသထဲမှာရှိတဲ့ တပ်စခန်းကို မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်သလို ကောင်းကင်မှာလည်း ဂျက်လေယာဉ် ၂ စီးနဲ့ ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် နမ့်ဆန်မြို့နဲ့ မန်တုံမြို့ကနေပြီးတော့လည်း လက်နက်ကြီးနဲ့ ည ၁၀ နာရီထိ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ကုန်းသာကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)တို့ ဒီဇင်ဘာ ၉ ရက် ဒီနေ့ မနက်ပိုင်းထိ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နမ့်ဆန်မြို့နယ် ကုန်းသာရွာက နေအိမ်တချို့တဲ့ သာသနိကအဆောင်အအုံတွေ ပျက်စီးသွားပါတယ်။
ဒါ့အပြင် စစ်ပွဲဧရိယာဝန်းကျင်မှာရှိတဲ့ ကုန်းသာ၊ ဟူးမန်း၊ မန်လုံ၊ ပိန်းလုံနဲ့ တာလတ်စတဲ့ကျေးရွာတွေက ရွာသား ၄၀၀ ကျော် နမ့်ဆန်မြို့နယ် ဇယန်းကြီး ကျေးရွာဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံနေရသူတွေရှိသလို နီးစပ်ရာဆွေမျိုးအိမ်တွေမှာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပက်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ နမ့်ဆန်နဲ့ မန်တုံမြို့မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားရာရွာတွေဘက်ကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ကူးပေးနေပြီး လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တအာင်းဒေသအတွင်းမှာ တိုက်ပွဲမဖြစ်သလောက် ငြိမ်သက်နေရာက အခုလက်ရှိ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် နမ့်ဆန်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြန်ဖြစ်လာတာလို့ ဒေသခံတွေကပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူထဲမှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေပါ ပါဝင်ပြီး ဒီကနေ့မှာလည်း စစ်ဘေးရှောင်တွေ ထပ်တိုးလာနေတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲဖြစ်ရတဲ့အကြောင်းနဲ့ နောက်ဆုံးရအခြေအနေ အသေးစိတ်ကို သိရဖို့ ဒီဗွီဘီက TNLA ပြောခွင့်ရပုဂ္ဂိုလ်တွေဆီ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ မရသေးပါဘူး။