Home
မြန်မာသတင်း
ပေါက်မြို့နယ် လယ်လန်းရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီး
DVB
·
December 8, 2022
318170467_209622971524127_8764435252101050608_n

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းက လယ်လန်းရွာကို ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း လယ်လန်းရွာကို မနေ့က ဒီဇင်ဘာ ၇ ရက် ည ၈ နာရီလောက်မှာ ကျားတိုက်ရွာကို မီးရှို့ပြီးထွက်လာတဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်တပ်နဲ့ပျူစောထီး စစ်ကြောင်းက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ လယ်လန်းကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက် ၇ နာရီကျော်လောက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ပြီး လယ်လန်းရွာကို မီးထပ်ရှို့နေပြီး တရွာလုံး မကုန် ကုန်အောင် ရှို့နေတဲ့ သဘောရှိတယ်လို့ ဆိုပါတယ်။ 

“စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ကျားတိုက်ရွာဘက်ကို ဝင်လာတော့ အိမ်ခြေ ၃၀၀ ကျော်လောက်ရှိတဲ့ ကျနော်တို့ ရွာက ပြည်သူတွေအားလုံး အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာ တောတောင်ထဲကို ထွက်ပြေးလာခဲ့ရတယ်။” 

မီးတောက်တွေ မီးခိုးတွေကိုတော့ အဝေးကနေ လှမ်းမြင်နေရပြီး အိမ်ခြေ ဘယ်လောက် မီးလောင်တာကိုတော့ စစ်ကောင်စီတပ် ရွာထဲမှာရှိနေသေးတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ဒေသခံက ပြောပါတယ်။

“ကျနော်တို့ တောသူတောင်သားတွေမှာ နေအိမ်တအိမ် ဖြစ်မြောက်ဖို့ ပြည်ပမှာ ၁၀ နှစ်၊ ၁၅ နှစ်လောက် သွားရောက်အလုပ်လုပ်ကိုင်ပြီး တည်ဆောက်ခဲ့ကြရတာပါ။ စစ်(...)တွေဟာ ပြည်သူလူထု ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အတွက် သူတို့လည်း တနေ့ ပြန်ပေးဆပ်ရမယ်။” 

ပေါက်မြို့နယ်​မှာ နိုဝင်ဘ် ၁၉ ရက်နေ့ကနေ ဒီဇင်ဘာ ၆ ရက်နေ့အထိ စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့လို့ ကျေးရွာ ၇ ရွာက အိမ်ခြေ ၉၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024