ဒဂုံတက္ကသိုလ်က ကျောင်းသား ၇ ဦးကို သေဒဏ်ချမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။
နေ့လယ်ပိုင်းက ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ကျောင်းသားကျောင်းသူတွေကို အိမ်ပြန်ခိုင်းကာ ကျောင်းနဲ့အနီးတဝိုက်မှာ စောင့်ကြပ်နေတယ်လို့ ကျောင်းသားတဦးက ပြောပါတယ်။
"ကျောင်းသားတွေရော ကျောင်းသူတွေရော အကုန်ပြန်ခိုင်းတာ၊ တံခါးတွေအကုန်လိုက်ပိတ်တာ။ မနက်ဖြန်တောင် ကျောင်းပိတ်မလားတောင် မသိဘူး၊ အခြေအနေမကောင်းဘူး။"
အင်းစိန်အကျဥ်းထောင်မှာ ဒီဇင်ဘာ ၇ ရက်က ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၇ ဦးကို သေဒဏ်ပေးတာမရှိဘူးလို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဒီနေ့ ထောင်ထဲမှာ ကျနော်သိသလောက် သေဒဏ်ပေးတာမရှိဘူး၊ သေချာအောင်လိုက်မေးကြည့်သေးတယ်၊ သေဒဏ်ပေးတဲ့သူမရှိဘူး။"
အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံကနေ နိုဝင်ဘာ ၃၀ ရက်က ပုဒ်မ ၃၀၂ နဲ့ ဒဂုံတက္ကသိုလ်က ကျောင်းသားတွေဖြစ်တဲ့ မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင်မောင်၊ မောင်ဇော်လင်းနိုင်၊ မောင်သီဟထက်ဇော်၊ မောင်ဟိန်းထက်၊ မောင်သက်ပိုင်ဦး၊ မောင်ခန့်လင်းမောင်မောင် တို့ကိုသေဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။
ကျောင်းသား ၇ ဦးကို ဒီနှစ် ဧပြီ ၁၈ ရက်က ကမ္ဘာ့ရတနာဘဏ် (တောင်ဒဂုံဘဏ်ခွဲ) မန်နေဂျာ ဒုတိယဗိုလ်မှူးကြီးဟောင်း စောမိုးဝင်း ကို သတ်ဖြတ်ရာမှာ ပါဝင်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
PHOTO- DAGON UNIVERSITY INFO