စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လျှပ်စစ်မီးလာချိန် မမှန်တာရယ်၊ အချိန်ပိုင်းနဲ့သာ မီးရရှိနေတာကြောင့် ထမင်းဟင်းချက်ပြုတ်ရာမှာ ထင်းနဲ့ မီးသွေးကိုသာ အသုံးပြုနေရဆဲလို့ မြို့ခံတွေထံက သိရပါတယ်။
ကလေးမြို့ခံ အိမ်ရှင်မတဦးက “မီးလာချိန်လည်း မှန်ရင်ကောင်းမယ်။ မီးလာပေမဲ့လည်း ထမင်းဟင်း ချက်ပြုတ်ဖို့အတွက် မီးသွေးက အသုံးပြုနေရတုန်းပါပဲ။ မီးသွေးတအိတ်ကို ကျပ် ၉,၀၀၀ ဝန်းကျင်အထိ ဈေးတက်နေတာဆိုတော့ ကုန်ကျစရိတ် များပြားတယ်” လို့ ပြောပါတယ်။
ဒေသတွင်း တိုက်ပွဲတွေကြောင့် တာဝါတိုင်တွေ လက်နက်ကြီးထိမှန်ပြီး လျှပ်စစ်မီး ပြတ်တောက်နေရာမှာ ယောဒေသ၊ ချင်းတောင်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးနယ်ဘက်ကို ပြုပြင်လို့ ပြီးစီးတဲ့အချိန်မှာ မီးပြန်လည်ရရှိလာပြီလို့ မြို့ခံတွေထံက သိရပါတယ်။
ကလေးမြို့မှာ ဒီဇင်ဘာ ၅ ရက် ညနေပိုင်းကမှ မီးပြန်လာတာဖြစ်ပြီး ပြန်လည်ရရှိတဲ့ အချိန်မှာလည်း အချိန်ပိုင်းနဲ့သာ ရရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ရပ်ကွက်အလိုက် တရက်ကို ၂ နာရီပဲရတယ်။ ဘယ်အချိန် မီးလာမယ်ဆိုတာကို ကြိုမသိရဘူး။ ညနေပိုင်း ၆ နာရီကနေ မနက် ၄ နာရီအထိတော့ မီးမှန်တယ်။ ကျန်တဲ့အချိန်ကတော့ မရရှိဘူး။”
ကလေးမြို့တမြို့လုံးအတွက် လျှပ်စစ်မီးသုံးစွဲမှုနှုန်းက တနာရီကို ၁၇ ဒသမ ၈ မက်ဂါဝပ် အထိရှိပြီး ရရှိတာက တနာရီကို ၃ ဒသမ ၆ မက်ဂါဝပ်ပဲ ရရှိထားတာကြောင့် မီးကို အချိန်ပိုင်းနဲ့ အလှည့်ကျစနစ် ပေးထားရတာလို့ စစ်ကောင်စီလက်အောက်ခံ ကလေးမြို့ လျှပ်စစ်ဝန်ထမ်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။
လျှပ်စစ်မီးနဲ့ပတ်သက်လို့ ကလေးမြို့နေ ပြည်သူတွေကြား ကလေးမြို့ EPC အပေါ် ဝေဖန်မှုနေကြတဲ့အပေါ် လျှပ်စစ်ဝန်ထမ်းတဦးက “မီးကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့က တမြို့လုံးကို Play နေတာ မဟုတ်ပါဘူး။ ကျနော်တို့ LCDC Load Shed (ဓာတ်အားပိတ် ဝန်အားလျှော့လုပ်ငန်း) တွေကပဲ Play နေတာပါ။ သတ်မှတ်တဲ့ မက်ဂါဝပ်ထက်ကျော်ရင် 66KV ဓာတ်အားလိုင်းပါ ဖြတ်ခံရမှာ” လို့ ပြောကြားထားပါတယ်။
ကလေးမြို့မှာတော့ ဓာတ်အားဖြန့်ဖြူးပေးတဲ့ ဖီဒါ ၅ ခုရှိပြီး တဖီဒါကို ၂ နာရီနှုန်းနဲ့ အလှည့်ကျမီးရ ရှိနေတာလည်း ဖြစ်ပါတယ်။