ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းမြောက် အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်းမပေါ်မှာ ဒီဇင်ဘာ ၅ ရက် မနေ့ည ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲပြီး အမျိုးသားတယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။
ပန်းပင်ကြီးလမ်း မျက်မမြင်ကျောင်းရှေ့ လမ်းဘေးမှာရပ်ထားတဲ့ ၁၂ ဘီးကား နှစ်စီးကြားမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"အမျိုးသားတဦးထိတာ ခေါင်းတွေ ခြေထောက်တွေ။ သိပ်တော့မစိုးရိမ်ရဘူး။ စပယ်ယာကောင်လေးထိတာ။ ဆေးရုံကို လူနာတင်ယာဥ်နဲ့ ပို့တာတွေ့တယ်"လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေဟာ ပန်းပင်ကြီးလမ်းတလျှောက် စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ညကလည်း လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက်နဲ့ ၇ ရပ်ကွက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားလေးယောက်နဲ့ အမျိုးသမီးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်ချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၅ ရက်အတွင်း ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်ဖြစ်ခဲ့ပြီး အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။