မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီဇင်ဘာ ၅ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က ဗုံးပေါက်ကွဲမှုကြောင့် ရုံးအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးတဦး၊ ရာအိမ်မှူးတဦးနဲ့ အရပ်သား ၂ ဦး၊ စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စာရေး အပါအဝင် ၃ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် မော်လမြိုင် ပြည်သူ့ဆေးရုံ ပို့ဆောင်ထားပြီး ကျန်အရပ်သားတဦးကိုတော့ မုဒုံမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “မနက်က အသံအကျယ်ကြီး ကြားရတယ်။ ပြီးမှ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်တယ်လို့ သိရပါတယ်။ စာရေးရယ်၊ ရာအိမ်မှူးရယ်၊ ပြီးတော့ ရုံးမှာ ဖုန်းအားလာသွင်းတဲ့ အမျိုးသမီးတယောက်ရယ်၊ အမျိုးသားတဦး ထိတယ်၊ သုံးယောက်တော့ ဒဏ်ရာပြင်းထန်တယ်” လို့ ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လာရောက်စစ်ဆေးတာတွေ လုပ်ဆောင်နေသလို မြို့အတွင်းမှာတော့ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာ မရှိဘူးလို့ ဆိုပါတယ်။
မုဒုံ မြို့မ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၃ ကြိမ်ထက်မနည်း ဗုံးပေါက်ကွဲထားတာဖြစ်ပြီး အခုတကြိမ်မှာတော့ လူထိခိုက် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။