စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နိုဝင်ဘာ ၂၅ ရက်ကစတင်ပြီး ၉ ရက်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ကျေးရွာ ၇ ရွာက ပြည်သူတွေရဲ့ နေအိမ် ၄၃၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အခုအခြေအနေက မနေ့က သခွတ်ချောင်မှာ မီးရှို့တဲ့အဖွဲ့က ထီးချိုင့်မြို့ထဲကို ဝင်သွားပြီး ကသာကလာတဲ့သူတွေက ဆားတွင်းကြီး ကျေးရွာကိုဝင်သွားပြီ။ ဒီနေ့မနက်ပိုင်း အင်းတော်ဘက်ကလာတဲ့သူတွေ (စကစ) ကွမ်းတုံး၊ ရွှေချောင်းဘက်မှာရှိတယ်။ တိုက်ပွဲတွေလည်း ဖြစ်လာနိင်သေးတယ်။ တချို့ရွာတွေဘက်က ပျက်စီးမှုတွေ သိပ်မသိရသေးဘူး။ မနေ့ကအထိ စကစတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်တွေက ၄၃၇ လုံးရှိသွားပြီ။ အဲထဲမှာ စပါးကျီတွေ မီးရှို့တာတွေကောပါတယ်၊ တခြား လယ်ယာသုံးပစ္စည်းတွေ၊ စက်ယန္တရားတွေကိုကော မီးရှို့ဖျက်ဆီးသွားတာ အများကြီးပဲ။”
မီးရှို့ခံရတဲ့ ကျေးရွာ ၇ ရွာဟာ ဆူးပုံချောင်ရွာ၊ အင်ကြင်းကုန်းရွာ၊ အင်းတိန်ရွာ၊ အလယ်တောရွာ၊ လေသာရွာ၊ ကျက်သရေချောင်းရွာနဲ့ မနေ့က ညနေ ၅ နာရီဝန်းကျင်က မီးရှို့ခဲ့တဲ့ သခွတ်ချောင်ရွာတို့ ဖြစ်ပါတယ်။
သခွတ်ချောင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ထီးချိုင့်မြို့နယ်ထဲက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေမှာ တပ်မ (၈၈) အောက်က တပ်ရင်းတပ်ဖွဲ့ဖြစ်ပြီး လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်ကာ ထီးချိုင့်-ကျောင်းကုန်းလမ်းတလျှောက်ရှိတဲ့ ကျေးရွာတွေက ပြည်သူများစွာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။