မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြောင်းဦးရွာနဲ့ ကျပ်ပြင်ရွာကြား ငုတ်ပြွန်အနီးမှာ နိုဝင်ဘာ ၃၀ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီစစ်ကြောင်းရဲ့ ထောက်ပို့ ထော်လာဂျီ တစီးကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
စစ်ကောင်စီစစ်ကြောင်း ထောက်ပို့ ထော်လာဂျီကို ရွာသားတဦးက မောင်းနှင်လာတာဖြစ်ပြီး နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့က ကြားဖြတ်ဖမ်းဆီးခဲ့တာမှာ ထော်လာဂျီပေါ်ကနေ ကျည်ဆန်တွေ၊ စစ်ကောင်စီတပ်သားတွေရဲ့ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်နဲ့ ပြည်သူတွေထံက ယူဆောင်လာတဲ့ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ ရွာတွေမှာ တပ်စွဲပြီး ပြည်သူတွေရဲ့ နေအိမ်အတွင်းက ပစ္စည်းတွေကို ယူဆောင်တာနဲ့ နေအိမ်တချို့ကို မီးရှို့တာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီကျော်ကလည်း မြောင်းသစ် တံတားနက်ပေါ်သို့ တက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၅ စီးကို နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့က ပဒေသာမိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။