Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် စစ်ကောင်စီထိန်းချုပ်နယ်မြေများကို KRU အဖွဲ့ ပြန်လည်သိမ်းယူ
DVB
·
December 2, 2022
KRU arrested arm from SAC 1
KRU
KRU arrested arm from SAC 2

ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ကုန်းသာရွာထဲမှာ စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) က ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) က ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ကုန်းသာကျေးရွာဟာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ရဲ့ စစ်မျက်နှာနယ်မြေဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလက တိုက်ပွဲတွေအတွင်း နယ်မြေတခြမ်းကို စစ်ကောင်စီတပ်က ထိန်းချုပ်လိုက်ပြီး တပ်သား ၃၀ ဝန်းကျင် တပ်စွဲထားတာလို့ KRU ကနေ သိရပါတယ်။

ကုန်းသာကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီတပ်ရဲ့ ရိက္ခာ၊ စွပ်ဗုံး၊ ကျည်ဆန်နဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့ပြီး မိုင်းရှင်းလင်းရေး ပြုလုပ်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ပြန်ကြားရေးတာဝန်ရှိသူက “နယ်မြေတခုလုံး ပေးထားရတာတော့ မဟုတ်ပါဘူး။ သူတို့က ကုန်းသာရွာထဲမှာ အင်အား ၃၀ ဝန်းကျင်လောက်နဲ့ တပ်စွဲထားတာ။ ထိတွေ့မှု ခနပဲဖြစ်ပြီး စခန်းစွန့် ပြေးသွားတယ်။ မပြေးရင်လည်း သေဖို့ပဲရှိတယ်လေ။ တဖက်မှာလည်း KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တွေ ရှိနေလို့ စခန်းစွန့်ခဲ့တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNDF, KA, KGZ, PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့က နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024