စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ စစ်ကောင်စီ တပ်သားအလောင်းတလောင်းကို ဒီဇင်ဘာ ၂ ရက် ဒီနေ့မနက် ၈ နာရီလောက်က တွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးနေတဲ့အလောင်းဟာ စစ်ကောင်စီ တပ်မ ၈၈ က ဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းကို သေချာမသိရပေမဲ့ အလောင်းကိုတော့ ရွာသားတွေက ကောင်းကောင်းမွန်မွန် မီးရှို့သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ထီးချိုင့်ဒေသခံရွာသားတဦးက “ကျနော်တို့ ရွာတွေကို နိုဝင်ဘာ ၂၅ ရက်ကစပြီး စစ်ကြောင်းထိုး ရွာတွေကို မီးရှို့နေတာ များလှပြီဗျ။ တိုက်ပွဲကလည်း PDF တွေနဲ့လည်း ဖြစ်တယ်ဗျ။ စစ်ကောင်စီကတော့ သူတို့ရှုံးပြီဆို တိုက်လေယာဉ်တွေနဲ့ ၃ ရက် ပစ်တာတွေလည်း လုပ်ခဲ့ကြတယ်။ ဒီနေ့ကတော့ စစ်ကောင်စီတွေ ရွာထဲကထွက်သွားပြီလို့ သိရတာနဲ့ ရွာထဲကို ရှင်းလင်းရေးလုပ်ရာကနေ ဒီ စစ်(--)အလောင်း မြှုပ်ထားခဲ့တာ တွေ့ရတယ်။ အဆင့်ကတော့ ဘယ်အဆင့်မှန်းမသိဘူး။ လက်မောင်းမှာကတော့ အရစ် ၂ ရစ်နဲ့ တပ်မ ၈၈ ဆိုတဲ့ စာသားလည်းပါတယ်။ အဲ့အလောင်းကိုတော့ ရွာသားတွေက မီးရှို့သင်္ဂြိုဟ်ပေးလိုက်တယ်” လို့ ပြောပါတယ်။
ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က မီးရှို့နေတာကြောင့် ကျေးရွာ ၅ ရွာကျော် မီးလောင်ခဲ့ရပြီး ဒေသခံထောင်နဲ့ချီ မီးဘေးသင့်ခဲ့ပါတယ်။
အခုလို ဒုက္ခရောက်နေတာကြောင့် ကူညီမှုတွေ ပေးကြဖို့လည်း ထီးချိုင့်ဒေသခံတွေက မေတ္တာရပ်ခံထားပါတယ်။