စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နဲ့ ဖောင်းပြင်မြို့နယ် ကောက်ကွေ့ကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက် နေ့ခင်းနဲ့ ဒီဇင်ဘာ ၂၄ ရက် မနက်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးကတော့ နေ့တိုင်းလိုလို ကြဲနေတာပဲဗျ။ ဒီဇင်ဘာ ၂၃ ရက်နေ့ကတော့ ထီးချိုင့်မြို့ပေါ်ရယ်၊ ကြက်သွန်းခင်းဘက်တွေကို နေ့ခင်း ၁၁ နာရီကျော်ကနေ ၁ နာရီအထိ Y-12 စစ်ထောက်ပို့ လေယာဉ်တစီးနဲ့ ဗုံးသီးအများကြီး ကြဲချတာ။ မြို့ကတော့ အကုန်ပျက်စီးတယ်။ အသေဆုံးကတော့ ဘာတခုမှ မသိရဘူးလေ။ ထီးချိုင့်မြို့ကတော့ သူတို့ဘက်က စိုးမိုးထားတာဆိုတော့ မြို့ထဲဝင်ကြည့်လို့မရဘူး။ အဝေးကပဲ ကြည့်နေရတာ။ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက်ခင်း ၁၀ နာရီခွဲအချိန်ကစပြီး ထီးချိုင့်မြို့ထဲကို ထပ်ဗုံးကြဲခဲ့တယ်” လို့ ထီးချိုင့်မြို့ဒေသခံ ကိုကော်နီက ပြောပါတယ်။
အလားတူ ဖောင်းပြင်မြို့နယ်၊ ကောက်ကွေ့ရွာအနီးကိုလည်း ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီကျော်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြေပြင်မှာ တိုက်ပွဲမရှိဘူးရယ်။ ပစ်နေတာက ဒီဇင်ဘာ ၂၀ ရက်ကနေစပြီး နေ့တိုင်း ပစ်ခတ်နေတယ်။ ပစ်တဲ့ရက်က ၄ ရက်အထိ ပစ်နေတယ်။ ပစ်တဲ့ ၄ ရက်စလုံးမှာ ပြည်သူတဦးသေပြီး ဒဏ်ရာရရှိသူတွေလည်း များတယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့က ပစ်တဲ့နေရာကတော့ စာသင်ကျောင်းအနီးကို ပစ်တာ။ ကျောင်းကတော့ ပျက်စီးတာတွေ ရှိတယ်။ လူထိခိုက်မှုကတော့ မရှိခဲ့ဘူး” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ဟုမ္မလင်း၊ ဖောင်းပြင်၊ ကလေး၊ ကလေးဝ စတဲ့မြို့နယ်တွေမှာ ညပိုင်းတွေမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေ ဆက်သွယ်ရေး အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်ဘက်ကိုလည်း ဒီဇင်ဘာ ၂၄ ရက် မနက် ၇ နာရီကျော်လောက်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ စစ်ကြောင်းရှောင်ရင်း အဘွားအို ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပေြာပါတယ်။
“စစ်ကြောင်းက ကနဦးဆုံး ဇီးကုန်းတိုက်နယ် ငါးရာနဲကျေးရွာဘက်ကို စပြီး စစ်ကြောင်းထိုးလာတယ်ဗျ။ အဲရွာကိုဝင်ပြီး ရွာကိုမီးရှို့တယ်ဗျ။ နေအိမ် ၉ လုံး မီးလာင်ဆုံးရှုံးတယ်။ အဲလို စစ်ကြောင်းထိုးလို့ အနီးအနားကရွာတွေက ကလေးလူကြီး အကုန်းလုံး ထွက်ပြေးကြရတယ်။ အဲလိုထွက်ပြေးရင်း ဖလံချိုင်ကျေးရွာက ဒေါ်အုန်းရွှေ (အသက် ၈၇) နဲ့ ဒေါ်အေးကြံ (အသက် ၉၂) စစ်ဘေးရှောင်ရင်း သေဆုံးတယ်ဗျ။ လူကြီးတွေဆိုတော့ ကြောက်လည်းကြောက်၊ ဆောင်းရာသီဆိုတော့ အေးကလည်းအေးပြီး အခုလိုသေရတာ” လို့ ရွာသားတဦးက ပြောပါတယ်။
စစ်ေကာင်စီ စစ်ကြောင်းထိုးလာတာကြောင့် ထန်းကုန်းတိုက်နယ်ရှိ သိုးဘိုးကျေးရွာ၊ ကိုးမြို့ကျေးရွာ၊ တောင့်တည်းကုန်းကျေးရွာ၊ ဖလံချိုင်ကျေးရွာ၊ သရက်ကောင်းကျေးရွာတို့က ပြည်သူ ၄,၀၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေးသမားတွေဆီကနေ သိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း ဒီဇင်ဘာ ၂၄ ရက် မနက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပခုက္ကူမြို့နယ် မြစ်ခြေမြို့ကို ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ မြစ်ခြေအခြေစိုက် BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးတပ်ရင်းက လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့တာလို့ မြစ်ခြေမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တလုံးဟာ မြစ်ခြေမြို့ ရှစ်မျက်နှာဘုရားမုခ်ဦးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဇောတိကာရုံ ဘုန်းကြီးကျောင်းထဲမှာတော့ လက်နက်ကြီးကျည်တလုံး ကျရောက်ခဲ့ပေမဲ့ မပေါက်ကွဲဘဲ ဒီအတိုင်းရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ရှစ်မျက်နှာဘုရားမှာ တံမြက်စည်းလှဲပြီး သန့်ရှင်းရေးလုပ်နေတဲ့ အသက် ၃၀ အရွယ် ကိုအေးညိုရဲ့ ပေါင်နဲ့ တင်ပါးတွေမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့လို့ မြစ်ခြေပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။