ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တို့မှာ ၃ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၇ ဦး သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က နိုဝင်ဘာ ၃၀ ရက် ဒီမနက် ထုတ်ပြန်ပါတယ်။
CNO/CNDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ နိုဝင်ဘာလအထိ ၃ လအတွင်း ဖလမ်းမြို့နယ် သီဘွာလ်ကျေးရွာမှာ တိုက်ပွဲ ၉ ကြိမ်၊ သူဖေကျေးရွာမှာ တကြိမ်နဲ့ ကလေးမြို့မှာ ၂ ကြိမ် စုစုပေါင်း ၁၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က စစ်သား ၃၇ ဦး ကျဆုံးခဲ့ပြီး ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ချုပ် (CNO/CNDF) ဘက်က ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦး ရှိခဲ့ကာ အကျအဆုံး မရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချင်းပြည်နယ်၊ သီဘွာလ်ကျေးရွာတိုက်ပွဲမှာ နိုဝင်ဘာ ၁၅ ရက်ကစပြီး နိုဝင်ဘာ ၂၃ ရက်နေ့အထိ လေကြောင်းအသုံးပြုပြီး သာလွန်အင်အားနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် အမည်မသိ အမျိုးသမီးတဦး သေဆုံးခဲ့ပြီး သီဘွာလ်ကျေးရွာရှိ နေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဘွာလ်သဲကျေးရွာက စိတ်မနှံ့သူ အမျိုးသားတဦးကိုလည်း သတ်ဖြတ်ကာ စိတ်မနှံ့သူ အမျိုးသမီးတဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးချုပ် (CNO/CNDF) ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းအမျိုးသားကာကွယ်ရေးချုပ် (CNO/CNDF) တပ်ဖွဲ့ဟာ ချင်းပြည်နယ်တွင်သာမက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာလည်း ကလေးဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုလည်း ဖြစ်ပါတယ်။