မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကာစီနိုလောင်းကစားရုံတွေ ဖွင့်လှစ်တာများလာတာကြောင့် ခိုးဆိုးလုယက်မှုတွေ ပိုမိုဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
နယ်စပ်ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ အွန်လိုင်းဂိမ်း၊ ရှမ်းကိုးမီးနဲ့ ငါးပစ်ဂိမ်းတွေကို ဆော့ကစားလို့ရအောင် ကာစီနိုလောင်းကစားရုံတွေမှာ ဖွင့်လှစ်ထားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
"အခုတောင် နောက်ထပ်အသစ်ဖွင့်ဖို့လုပ်နေကြတယ်တဲ့။ မြဝတီရွှေကုက္ကိုကနေ အလုပ်လုပ်ပြီးပြန်လာတဲ့ လူငယ်တွေက ဒီမှာပြန်လာဖွင့်ကြတာလို့ ပြောတယ်။ အခုလို လောင်းကစားတွေ ပေါလာရင်တော့ ညခွေးဟောင်ရင်တောင် ထကြည့်ရတော့မလိုဘဲ။ ဟိုရက်ကပဲ ရပ်ကွက်ထဲ ဆိုင်ကယ်တစီး ပျောက်သေးတယ်။"
အခုလက်ရှိ မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်မှာ ကာစီနို ၁ ရုံ၊ ရွှေကူရပ်ကွက်ထဲမှာ ကာစီနို ၁ ရုံနဲ့ မိုးကုတ်မော်တယ်မှာ ၁ ရုံ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
မိုးကုတ်မော်တယ် ကာစီနိုရုံဟာ စစ်ကောင်စီတပ်က စခန်းမှူးကတော်ဖွင့်လှစ်ထားတာဖြစ်ပြီး လာရောက်ဆော့ကစားသူ များပြားတယ်လို့ သိရပါတယ်။
"ကာစီနိုရုံထဲမှာ ဘာပဲလိုချင်ရတယ်၊ မိန်းကလေးတွေလည်းများတယ်၊ ဖဲဝေတာတောင် နိုင်ငံခြားဒီဇိုင်းပဲ။ ဘီယာကစရတယ်၊ ခေါက်ဆွဲစားချင် ခေါက်ဆွဲလာပို့ပေးတယ်၊ အချိုရည်လိုလည်းရတယ်၊ ဘာလိုလိုရတယ်။ ပိုက်ဆံတွေဆို ၁ သောင်းတန်တွေပဲ" လို့ ကာစီနိုရုံမှာ သွားရောက်ကစားဖူးသူတဦးက ပြောပါတယ်။
မိုးကုတ်မြို့ မင်းတံတားရပ်ကွက်မှာဖွင့်ထားတဲ့ ကာစီနိုရုံမှာ အောက်တိုဘာလအတွင်းက ဗုံးပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ မြို့ခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေ နေ့စဥ်လိုလို ခိုးယူခံနေတဲ့အပြင် ခိုးယူသူတွေကိုလည်း ဖမ်းမမိတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတာပါ။