စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လေသာရွာကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ရှမ်းနီတပ်မတော်တို့က ဒီနေ့ ညနေ ၄ နာရီဝန်းကျင်လောက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်ရက်က တိုက်ပွဲဖြစ်ပွားတဲ့ လေသာရွာကို ညနေ ၄ နာရီဝန်းကျင်လောက်မှာ စပြီးမီးရှို့နေတယ်၊ ရှမ်းနီနဲ့ စကစ အင်အား ၁၅၀ လောက်မယ်၊ မီးတော့ အခုလောင်နေသေးတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူ (စကစ) တွေကို ထီးချိုင့်မြို့ထဲ သွားပို့တဲ့ စစ်ကြောင်းကို ပ.က.ဖ တွေ လိုက်ပြီး တိုက်ခိုက်ခဲ့တယ်၊ ထိခိုက်ကျဆုံးဘယ်လို့ ရှိတယ်ဆိုတာတော့ မသိရသေးဘူး” လို့ ထီးချိုင့်မြို့နယ်က ပြည်သူတဦးက ပြောပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ့တွေကြောင့် လေသာရွာအပါအဝင် ကျေးရွာ ၁၅ ရွာလောက်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ရက်တွေကလည်း လေသာရွာအနီးက ဆူးပင်ချောင်၊ အလယ်တောနဲ့ အင်ဂျင်းပင်ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိအချိန်ထိ တပ်ဖွဲ့ဝင်အင်အား ၁၅၀ လောက် လေသာရွာတကြောမှာ စစ်ကြောင်းထိုးလှုပ်ရှားနေတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့နယ်ထဲမှာ နိုဝင်ဘာ ၂၇ နဲ့ ၂၈ ရက်နေ့တွေက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေတပ်က နှစ်ရက်ဆက်တိုက် ဂျက်တိုက်လေယာဥ်နဲ့ ၆ ကြိမ်ထက်မနည်း လာ ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။