စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်သားတွေက CDM ကျောင်းဆရာတဦးကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
CDM ကျောင်းဆရာ ကိုခိုင်အောင်ဟာ နိုဝင်ဘာ ၂၇ ရက်က သဇင်ရပ်ကွက်၊ မြို့ရှောင်လမ်းမှာ ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်သားတွေက ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ မိသားစုဝင်တွေ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ကလေးမြို့၊ သဇင်ရပ်ကွက်၊ မြို့ရှောင်လမ်းမှာ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေက မသင်္ကာတဲ့ ဆိုင်ကယ် ၁ စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာ ကျင်ရှင်းခိုင် (ခ) ခိုင်အောင်ဟာ လူမှုကွန်ရက်ပေါ်မှာ NUG ရဲ့ နမူနာမေးခွန်းပုံစံလွှာ စာရွက်စာတမ်းတွေကို သိမ်းဆည်းထားတာကို တွေ့ရှိတဲ့အတွက် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ကလေးမြို့ခံတဦးက “စစ်သားတွေက ဖုန်းတွေစစ်ရင်လည်း သေချာကိုစစ်တာ။ အခုတလော ကလေးမြို့ နေရာအနှံ့မှာ စစ်သားတွေက ကင်းပုန်းချ နေရာယူနေတယ်။ ကလေးမြို့ ပြည်သူတွေအနေနဲ့ သတိထား သွားလာကြဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။
လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း မြို့တွင်းကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၆၀၀ ဝန်းကျင်ရှိပြီဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀ ေကျာ်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေထံက သိရပါတယ်။