Home
မြန်မာသတင်း
စစ်တွေ-ပုဏ္ဏားကျွန်းလမ်းနှင့် စစ်တွေ-အငူမော်လမ်းများ ခရီးသွားလာခွင့် မရသေး
DVB
·
November 30, 2022
316965660_875512673471127_9020012870478957497_n
316668074_875512856804442_2190887618851213198_n
317085142_875513926804335_7259257929252039965_n
Pon Nar Kyune Ya Thae Taung

ရခိုင်ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်မရသေးလို့ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းနဲ့ စစ်တွေ-အငူမော် လမ်းတွေမှာ ခရီးသွားလာခွင့် မရသေးကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်နေကြတဲ့ ကုန်သည်ကြီးတွေနဲ့ ခရီးသည်ပို့ဆောင်ရေး ကားဂိတ်တာဝန်ရှိသူတွေဆီက သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးလုပ်နေတဲ့ ကုန်သည်တဦးက “အဲဒီလမ်းတွေဖွင့်ဖို့ နိုဝင်ဘာ ၂၈ ရက်နေ့ကတည်းက အစိုးရအဖွဲ့ရုံးမှာ အစည်းအဝေး ကျင်းပခဲ့ကြတယ်။ အစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်နေ့ကို ပြန်ချိန်းတယ်။ ၂၉ ရက်နေ့မှာလည်း အဲဒီလမ်းတွေ ပြန်ဖွင့်ဖို့ နှစ်ဖက် ဆွေးနွေးမှု ပြုလုပ်ရဦးမယ်လို့ စစ်ကောင်စီက ပြောတယ်။ ကျနော်တို့ ကုန်ကားတွေ ပုဏ္ဏားကျွန်းမှာ ပိတ်မိနေတာ တလပြည့်တော့မယ်။ ကုန်တွေအားလုံး ပျက်စီးသွားနိုင်တယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ် ရပ်ထားပေမဲ့ စစ်ကောင်စီတပ်က အကြောင်းပြချက်တွေနဲ့ လမ်းတွေ ပိတ်ထားတဲ့အတွက် ဒေသတွင်း စီးပွားရေး ထိခိုက်နစ်နာမှုတွေ ရှိနေပြီး ခရီးသွားပြည်သူတွေအတွက် အခက်အခဲ ဖြစ်နေပါတယ်။

မေယုသဇင် ခရီးသည်ပို့ဆောင်ရေးကားဂိတ်တာဝန်ရှိသူ​တဦးက “ကျနော်တို့က နိုဝင်ဘာ ၂၉ နဲ့ ၃၀ နေ့တွေမှာ ခရီးစဥ်ပြေးဆွဲဖို့ ကြော်ငြာခဲ့တယ်။ ကားလက်မှတ်တွေတောင် ရောင်းပြီးသွားပြီ။ လက်ရှိမှာ ပြည်နယ်အစိုးရအဖွဲ့က စစ်တွေ-ပုဏ္ဏားကျွန်းလမ်းနဲ့ စစ်တွေမြို့ဝင် တပ်ထိန်း စစ်ဆေးရေးဂိတ်တွေကို ဖွင့်မပေးတော့ ခရီးစဥ်တွေ ရပ်နားထားရပါတယ်” လို့ ပြောပါတယ်။

စစ်တွေ-ပုဏ္ဏားကျွန်း အဝေးပြေးကားလမ်းကို နိုဝင်ဘာ ၁၀ ရက်က စတင်ပြီး စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကား ၂၀၀ လောက် ပိတ်မိနေဆဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ ကြားဝင်စေ့စပ်ညှိနှိုင်းပေးတာကြောင့် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ယာယီအပစ်ရပ်ထားတဲ့အတွက် ၃ လလောက် ပိတ်ထားခဲ့တဲ့ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေလမ်းကြောင်းနဲ့ စစ်တွေ-အငူမော်လမ်တွေကို ဖွင့်ပေးခဲ့ပါတယ်

ဒါပေမဲ့ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းနဲ့ စစ်တွေမြို့ဝင် တပ်ထိန်းစစ်ဆေးရေးဂိတ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့အထိ ပိတ်ထားတဲ့အတွက် စစ်တွေ-အငူမော်လမ်းမှာလည်း သွားလာလို့ မရသေးတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024