နိုဝင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက အမျိုးသားနေ့ အထိမ်းအမှတ်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် အကျဉ်းသား ၅,၇၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြန်လွတ်လာသူတွေအထဲမှာ အာဏာစသိမ်းတည်းက ဖမ်းဆီးခံထားရပြီး လွတ်ရက်စေ့ခါနီးပြီဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊ NLD အစိုးရရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနဲလ်၊ NLD ခေါင်းဆောင်တချို့၊ အနုပညာရှင်၊ သတင်းထောက်နဲ့ တက်ကြွလှုပ်ရှားသူတချို့၊ ဝန်ကြီးဦးကျော်တင့်ဆွေနဲ့ ပြီးခဲ့တဲ့လပိုင်းကမှ ဖမ်းဆီးထောင်ချခံရတဲ့ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းတို့ အပါအဝင်တ ခြားနိုင်ငံရေးအကျဉ်းသားတွေ လည်း ပါဝင်လာပါတယ်။
တချိန်တည်းမှာပဲ နိုင်ငံတဝန်းမှာရှိတဲ့ စစ်ကောင်စီကို နည်းမျိုးစုံ ဆန့်ကျင်နေသူတွေကို စွပ်စွဲဖမ်းဆီးမှုတွေ ရခိုင်နဲ့ ကရင်နီပြည်နယ်တို့မှာ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီတပ်က ရက်ရက်စက်စက်က ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်နေတာတွေလည်း ရှိထားပါတယ်။
အကျဉ်းသား ၅,၇၀၀ ကျော်ကို လွှတ်ပေးခဲ့ပေမဲ့ တက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသား အရေအတွက် အနည်းငယ်ပဲ ပါဝင်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၄ ရက်အထိ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူ ၁၃,၀၀၀ လောက်ရှိနေပြီး ၁,၆၀၀ ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရကာ သတ်ဖြတ်ခံရသူ ၂,၅၀၀ ကျော်အထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို စတင်ဖမ်းဆီးတည်းကနေ ပြစ်ဒဏ်ချပြီးတဲ့အထိ ဥပဒေချိုးဖောက်မှုများစွာ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ လေ့လာနေတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။
စစ်ကောင်စီ ဖမ်းဆီးထားသူတွေထဲမှာ လူမျိုး၊ ဘာသာ၊ အသက်အရွယ်၊ ကျား မ၊ လူတန်းစားမျိုးစုံ၊ ကလေး၊ လူကြီး၊ နိုင်ငံခြားသား၊ နိုင်ငံရေးခေါင်းဆောင်၊ တက်ကြွလှုပ်ရှားသူ၊ လိင်စိတ်ခံယူမှု ကွဲပြားသူတွေနဲ့ တခြားလူနည်းစုမျိုးစုံတွေ ပါဝင်နေပါတယ်။ ကိုယ်တိုင်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လိုက်နာနိုင်စွမ်းမရှိတဲ့ စစ်ကောင်စီက သူတို့အလိုကျ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်တွေကိုလည်း ချိုးဖောက်ထားပါတယ်။
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက သူတို့အာဏာတည်မြဲရေးအတွက် စစ်တပ်ဆန့်ကျင်သူတွေ ဒီမိုကရေစီအရေး လိုလားသူတွေကို ပိုမိုဖိနှိပ်ဖို့ ဥပဒေတွေကို ပြင်ဆင်ဖြည့်စွက်တာ ပယ်ဖျက်တာတွေ ဥပဒေနဲ့ မညီတဲ့ အမိန့်၊ ညွှန်ကြားချက်တွေလည်း ထုတ်ပြန်နေ ပါတယ်။
နိုင်/ကျဉ်းတွေကို စွဲချက်တင်လေ့ရှိတဲ့ ပြစ်မှုများ
အာဏာသိမ်းပြီးစကနေ တနှစ်ကျော်အထိ ဖမ်းဆီးခံရသူ အများစုကို ဆန္ဒပြရာမှာပါဝင်ခြင်း၊ CDM မှာပါဝင်ဖို့ တိုက်တွန်းခြင်း၊ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေကို ထောက်ခံတဲ့ပို့စ်တွေ မျှဝေတာ၊ ဖုန်းတွေစစ်ဆေးရာက စစ်ကောင်စီကို ဆန့်ကျင်တဲ့ပို့စ်နဲ့ အရေးအသား ပြောဆိုတာတွေကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဆူပူလှုံ့ဆော်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ဖမ်းဆီးမှု များပါတယ်။
နောက်ပိုင်း ဖမ်းဆီးမှုတွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ငွေကြေးအနည်းငယ်ကစလို့ လှူဒါန်းတာ၊ ဆက်သွယ်တာ၊ နေအိမ်တွေမှာ ဆန္ဒပြသူတွေကို ခိုလှုံခွင့်ပေးတာတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အီးမေးနဲ့ ဆက်သွယ်လို့ အီလက်ထရောနစ် ဥပဒေနဲ့ ဖမ်းပြီး စွဲချက်တင်တာ ရှိပါတယ်။ တခြားဥပဒေတွေဖြစ်တဲ့ မတရားအသင်းအက်ဥပဒေ၊ လက်နက်များ အက်ဥပဒေနဲ့ စွဲချက်တင်တာတွေလည်း ရှိပါတယ်။ လက်နက်တွေနဲ့ ဖမ်းမိရင် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ အက်ဥပဒေနဲ့ ထပ်မံစွဲချက်တင်တတ်ပါတယ်။ တချို့အမှုတွေမှာ ဖမ်းဆီးခံထားရသူတွေကို ပုဒ်မနှစ်ခုသုံးခုနဲ့ စွဲချက်တင်ပြီး ထောင်နှစ်ရှည်ကျဖို့ အကွက်ချ ပြုလုပ်လေ့ရှိပါတယ်။
စစ်ကောင်စီကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဥပဒေများ
စစ်ကောင်စီက စွပ်စွဲတဲ့အမှုတွေမှာ စွပ်စွဲခံရသူကို အကြောင်းမဲ့ အထောက်အထားမဲ့ ဖမ်းဆီးပြီးနောက် စစ်ဆေးတာ၊ ရိုက်နှက်တာတွေကို အလွန်အကျူး ကျူးလွန်ပြီးနောက် စွပ်စွဲခံရသူ ထွက်ဆိုချက်ကို အခြေခံပြီးတော့ အမှုဖွင့် ဆောင်ရွက်လေ့ ရှိကြပါတယ်။
ဥပဒေပြဋ္ဌာန်းချက်အရ စွပ်စွဲခံရသူကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄ အရနဲ့ ရဲလက်စွဲ ဒုတိယတွဲ အပိုဒ် ၁၄၁၄ တို့အရ ပထမသတင်းပေးတိုင်ချက်ကို ဖွင့်လှစ်ပြီး အမှန်တကယ် ရာဇဝတ်မှု ကျူးလွန်ခြင်းရှိမရှိ စစ်ဆေးတာ၊ စုံစမ်းတာနဲ့ သက်သေခံ အထောက်အထား ရှာဖွေခြင်းတာတွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ စွပ်စွဲခံရသူကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခြင်းအားဖြင့် သူတို့လိုအပ်တဲ့ အထောက်အထားတွေ ထွက်ဆိုချက်တွေအပေါ် မူတည်ပြီး အမှုဖွင့်လှစ်တဲ့အတွက် ဥပဒေပါပြဋ္ဌာန်းချက်တွေကို အတိအလင်း ချိုးဖောက်တာ ဖြစ်ပါတယ်။
တရားလိုက စွပ်စွဲခံရသူ ပြစ်မှုကျူးလွန်ကြောင်း သက်သေပြဖို့ ပျက်ကွက်တာ၊ အထောက်အထားမဲ့ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်ပြီး ဖြောင့်ချက်ရယူတာတို့ဟာ တရားစီရင်ရာမှာ တရားမျှတခွင့်ရရှိဖို့ အခြေခံမူဖြစ်တဲ့ အပြစ်မရှိဟု မှတ်ယူခြင်းခံရပိုင်ခွင့် အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်ပါတယ်။ ဖမ်းဆီးစဉ်မှာ ရဲတပ်ဖွဲ့ရဲ့ ဥပဒေချိုးဖောက်မှု၊ သက်သေအထောက်ထားပြဖို့ ပျက်ကွက်မှု၊ တရားသူကြီးရဲ့ ဥပဒေနဲ့မညီတဲ့ ပြစ်ဒဏ်ချမှတ်မှုတွေက သက်သေခံဥပဒေ ၁၀၁ နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ တို့ကို ချိုးဖောက်တာပင်ဖြစ်ပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေ ၁၆၇ အရ တရားရုံးရဲ့ ချုပ်မိန့်ရမန် မယူဘဲ ထိန်းသိမ်းတာဟာ စစ်ကောင်စီဘက်က လုပ်ပိုင်ခွင့်မရှိဘဲ အာဏာသိမ်းကာလမှာ ရပ်စဲထားတဲ့ နိုင်လွတ်လုံဥပဒေလို့ခေါ်တဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံရေးဥပဒေ ပုဒ်မ ၇ ကို ချိုးဖောက်တာဖြစ်ပြီး စစ်ကြောရေးကာလမှာ စစ်သားတွေက တရားရုံးထံမှ ရမန်ယူလေ့မရှိတာ သိသာထင်ရှားပါတယ်။
အမျိုးသမီးတချို့ကို ဖမ်းဆီးတဲ့အခါ လုံခြုံရေးတပ်ဖွဲ့တွေမှာ အမျိုးသမီးအဖွဲ့ဝင်တွေ ပါတာ မရှိသလို မျက်မြင်သက်သေအဖြစ် တခြားပုဂ္ဂိုလ်တွေပါ ပါဝင်ခြင်းမရှိတာက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၂ နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်စွဲ အပိုဒ် ၁၃၆၄ တွေကို ဖောက်ဖျက်ကျူးလွန်တာ ဖြစ်ပါတယ်။ စွပ်စွဲခံထားရတဲ့ အမျိုးသမီးတွေအပေါ် ဖမ်းဆီးရာမှာ ရင်ဘတ်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကန်ကျောက်ရိုက်နှက် ဖမ်းဆီးတာတွေရှိပြီး ရဲလက်စွဲအပိုဒ် ၁၃၆၄ အရ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုမှ အကာကွယ်ပေးထားတာကို ချိုးဖောက်တာဖြစ်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေကိုလည်း ဖမ်းဆီးပြီး စစ်ကြောရေးမှာ နှိပ်စက်တာဟာ ကလေးသူငယ် အခွင့်အရေး ဥပဒေပုဒ်မ ၅၆ အရ ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်လို့မရတဲ့ ပြဋ္ဌာန်းချက်တွေကိုလည်း အတိအလင်း ချိုးဖောက်တာလည်း ဖြစ်ပါတယ်။ ကလေးတွေကို ဖမ်းဆီးရာမှာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကိုလည်း ချိုးဖောက်ထားတာတွေ ရှိပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်စွဲ အပိုဒ် ၁၆၉၃ မှာ ရဲတပ်ဖွဲ့က စွပ်စွဲခံရသူ တဦးဦးအား ညှဉ်းပန်းနှိပ်စက်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ ဒါကြောင့် စွပ်စွဲခံရသူ သို့မဟုတ် ထိန်းသိမ်းခံရသူကို ညှဉ်းပန်းနှိပ်စက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ဖို့ စုံစမ်းစစ်ဆေးရေး ရဲအရာရှိတဦး လိုအပ်ပြီး အချက်အလက်တွေကို မှတ်တမ်းတင်ဖို့ လိုအပ်ပေမဲ့ အမှုတွေမှာ စုံစမ်းစစ်ဆေးသူတွေဟာ စစ်သားတွေဖြစ်ကာ ဘယ်လိုမှတ်တမ်းတင်မှုမှ မပြုလုပ်နိုင်ပါ။ ဒါ့အပြင် ရဲတပ်ဖွဲ့လက်စွဲ ၁၁၉၃ အရ တရားရုံးက ခွင့်မပြုဘဲ အကျဉ်းထောင်တခုမှာ စွပ်စွဲခံရသူကို ထိန်းသိမ်းထားတာဟာလည်း ဥပဒေနဲ့ မညီတာ တွေ့ရှိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကြောရေးမှာ စစ်ဆေးသူတွေဟာ ညှင်းပန်းနှိပ်စက်မှုတွေကို ကျူးလွန်ကြလေ့ရှိပြီး ဘေးဖြစ်စေတတ်တဲ့ လက်နက်နဲ့ သာမန်နာကျင်စေမှု၊ အပြင်းအထန် နာကျင်စေမှု စတဲ့ ဒဏ်ရာအတိမ်အနက်ပေါ် မူတည်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၂၃၊ ၃၂၄၊ ၃၂၅ နဲ့ ၃၂၆ တို့ကို ချိုးဖောက်တာဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ထောင်ဒဏ်နှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ် ခံရနိုင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တာ ဖြစ်ပါတယ်။
စစ်ကြောရေးမှာ သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်မှုကို ကျူးလွန်ပါက လူသတ်မှုကို ကျူးလွန်တာဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ ကို အတိအလင်း ချိုးဖောက်တာပင် ဖြစ်ပါတယ်။ အာဏာပိုင်တွေက ကျူးလွန်တာဖြစ်လို့ သေဆုံးတာ၊ ခန္ဓာကိုယ်ချို့တဲ့တဲ့အထိ ညှဉ်းပန်းနှိပ်စက်တာတွေ ကြုံတွေ့နေရပေမဲ့ ပြည်သူတွေအနေနဲ့ သက်သေအထောက်အထား မရှိတာ၊ သက်သေအထောက်အထား ရှိပေမဲ့ အာဏာပိုင်တွေက ကျူးလွန်တာဖြစ်ပြီး စစ်ကောင်စီဘက်က တရားလိုအဖြစ် စွပ်စွဲချက်တင်လာတဲ့ အမှုတွေမှာ သူတို့ဘက်က စစ်ကြောရေးမှာ ကျူးလွန်တဲ့ နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြထားတာမရှိလို့ အခုကာလမှာ ပြည်သူတွေက ဥပဒေအကာအကွယ်မရရှိဘဲ ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။
ရဲလက်စွဲအပိုဒ် ၁၆၉၃ အရ တရားသူကြီးက စွပ်စွဲခံရသူအား ညှဉ်းပန်းနှိပ်စက်ခြင်း ရှိ၊ မရှိ စစ်ဆေးတာ သို့မဟုတ် စွပ်စွဲခံရသူရဲ့ ခန္ဓာကိုယ်အား စစ်ဆေးခြင်း ရှိ၊ မရှိနဲ့ စွပ်စွဲခံရသူမှာ ရဲတပ်ဖွဲ့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ရာတွေ ရရှိခြင်း ရှိ၊ မရှိ စစ်ဆေးမေးမြန်းရမယ်လို့ ဖော်ပြထားပါတယ်။ တချို့အမှုတွေမှာ စွပ်စွဲခံရသူတွေကို စစ်ကြောရေးစခန်းတွေမှာ ရက်ပေါင်းများစွာ ထိန်းသိမ်းထားရတဲ့ အကြောင်းရင်းကို မေးမြန်းဖို့ စွပ်စွဲခံရသူရဲ့ ရှေ့နေတွေက တောင်းဆိုခဲ့ပေမဲ့ ဒီချိုးဖောက်မှုတွေကို တရားသူကြီးတွေက နှုတ်ဆိတ်နေကြတာတွေ ရှိပါတယ်။
အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုများ
မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ အမျိုးသမီးများကို နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကွန်ဗင်းရှင်း၊ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နဲ့ တခြား နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေက လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် ၅ ဖြစ်တဲ့ မည်သူ့ကိုမျှ မတရားနှိပ်စက်မှု မရှိစေရ၊ အပိုဒ် ၇ နဲ့ ၁၀ တို့လို မျှတစွာတရားစီရင်ခွင့်ရှိရေး စတာတွေကိုလည်း ချိုးဖောက်ထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရသူတွေမှာ စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ဖြစ်ဖြစ် ထောင်တွင်း နာမကျန်းဖြစ်လို့ဖြစ်ဖြစ် ဆေးကုသခွင့်မရတာ၊ ထောင်တွင်း အစားအစာနဲ့ ရေ သန့်ရှင်းမှုမရှိတာ ရက်ရက်စက်စက် နှိပ်စက်ခံရမှုတို့ဟာ အကျဉ်းသားတွေကို ဆက်ဆံရာမှာ လိုက်နာရမယ့် အခြေခံမူတွေဖြစ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ထုတ်ပြန်ချက် ၄၅/၁၁၁ ရဲ့ အပိုဒ် ၁ နှင့် ၉ တို့ကို အာဏာပိုင်တွေက ချိုးဖောက်ထားပါတယ်။
ဖမ်းဆီးခံအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်တာတွေကလည်း အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်ပြီး အမျိုးသမီးများကို ခွဲခြားဆက်ဆံမှု ပပျောက်ရေး စာချုပ်ကို ချိုးဖောက်ပါတယ်။ ဖမ်းဆီးခံပြည်သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ ပါဝင်နေတဲ့အတွက် သူတို့ကို ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးတာနဲ့ သတ်ဖြတ်မှုတို့မှာ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်တဲ့အပြင် လက်မှတ်ရေးထိုးထားတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်နေတယ်လို့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေရဲ့ ထုတ်ဖော်ချက်တွေက အထင်အရှား ပြနေပါတယ်။ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတာ မရှိပေမဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်တွေမှာ ပါဝင်တဲ့ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးစာချုပ်၊ ညှင်းပန်းနှိပ်စက်မှုပပျောက်ရေး စာချုပ်တို့ကိုလည်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ချိုးဖောက်ထားပါတယ်။
စစ်ကောင်စီက နိုင်ကျဉ်းတွေ အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတရပ်လုံး အပေါ် ဥပဒေချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်မြဲ ကျူးလွန်ဆဲဖြစ်ပြီး ပြည်တွင်းပြည်ပ အရပ်ဘက်နဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကနေ လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားများစွာက ဖော်ပြပါတယ်။ စစ်ကောင်စီကို နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေဖြစ်တဲ့ အိုင်စီဂျေ၊ လူ့အခွင့်အရေးကောင်စီ အစရှိတဲ့ အဖွဲ့အစည်းကြီးတွေက မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံနေတဲ့ နိုင်ငံတွေကတဆင့် ပြင်းထန်တဲ့ အရေးယူမှုတွေနဲ့ နိုင်ငံတကာဖိအားတွေ ကျရောက်စေဖို့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းကာလအလွန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဖြစ်ဖြစ် အနာဂတ်မှာ ဆက်ခံတဲ့ အစိုးရသစ်တရပ်ဖြစ်ဖြစ် တရားမျှတမှုနဲ့ လူ့အခွင့်အရေး အခြေခံတဲ့ တရားစီရင်ရေးစနစ်တရပ် တည်ဆောက်ဖို့ ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။
(မှတ်ချက်- အခုသုံးသပ်ချက်မှာ အများပြည်သူတွေ သိရှိနိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တခြား ထင်ရှားကျော်ကြားသူတွေအပေါ် စစ်ကောင်စီက စွဲချက်တင်ထားတဲ့အမှုတွေ ပါဝင်မှာမဟုတ်ဘဲ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ထားဝယ်၊ ဘားအံစတဲ့ ဒေသက အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေမှာ တွေ့ရလေ့ရှိတဲ့ အမှုတွေကို လေ့လာထားတာ ဖြစ်ပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်း ကြုံတွေ့နေရသော အဖြစ်အပျက်တွေကို ကိုယ်စားမပြုနိုင်ပေမဲ့ နိုင်ကျဉ်းတွေအပေါ် စစ်ကောင်စီရဲ့ ဥပဒေချိုးဖောက်မှုတွေကို ယေဘုယျသဘော ခြုံငုံမိစေနိုင်ပါတယ်။)
သန့်ထက်
စာရေးသူမှာ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး မဟာဘွဲ့သင်တန်းကို ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသူ ဖြစ်ပါတယ်။