စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြိုနယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုး လှုပ်ရှားလာတာကြောင့် အလယ်တော့ရွာနဲ့ အင်ဂျင်းကုန်းရွာကြားမှာ နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက စတင်ပြီးတော့ KIA၊PDF၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
စစ်ကောင်စီလေတပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ တောင်ကြောတွေကို တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ နီးတဲ့ ကျေးရွာသုံးရွာကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ထီးချိုင့်မြို့နယ်က ပြည်သူတွေဆီကနေ သိရပါတယ်။
ဒေသခံတဦးက “ဒီနေ့မြစ်ကြီးနားကနေ ဖိုက်တာနှစ်စီးနဲ့လာကြဲတယ်။ (၁၂)နာရီ (၁) နာရီလောက်က၊ လေသာရွာမှာကျတယ်၊ လေသာရွာထိပ်နားလာကျတယ်၊ မနေ့ကတော့ လေယာဉ်တစ်စီးနဲ့ ၅ ကြိမ်လာပစ်တယ်၊ တိုက်ပွဲတော့မနေ့က တော်တော်ပြင်းထန်တယ်၊ တစ်နေကုန်နီးပါပဲ၊ ဒီနေ့လည်း ဆက်ဖြစ်နေတယ်၊ ပြီးတော့ သူတို့ စစ်ကြောင်းတပ်လာတဲ့လမ်းတစ်လျှောက်က ကျေးရွာသုံးရွာကို မီးရှို့ဖျက်စီးခဲ့တယ်၊ အခုလည်းရှို့နေတုန်း” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းမီးရှို့ခဲ့တဲ့ ကျေးရွာတွေဟာ ဆူးပုတ်ချောင်ရွာ၊ အလယ်တောရွာနဲ့ အင်ဂျင်းပင်ကျေးရွာတွေဖြစ်ပြီး ရွာထဲကို ပြန်သွားနိုင်တဲ့ အခြေအနေမရှိသေးတာကြောင့် အိမ်ခြေဘယ်လောက် လောင်ကျွမ်းသွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေဟာ ကျေးရွာတွေနဲ့နီးကပ်ပေမဲ့ ပြည်သူတွေထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းကိုတော့ မကြားရသေးပါဘူး။
တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ နီးတဲ့ ကျေးရွာပေါင်း ၁၅ ရွာလောက်က ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ထီးချိုင့်မြို့နယ်က ပြည်သူတစ်ဦးက “အခုထိတော့ ပြည်သူတွေထိခိုက် ဒဏ်ရာရတာတွေ မကြားမိသေးဘူး၊ ရွာတွေတော့ထွက်ပြေးတိမ်းရှောင်နေရတယ်။ ၁၅ ရွာအထက်ရှိမယ်၊ လူဦးရေ ခန့်မှန်းဆိုရင် တစ်သောင်းတော့ကျော်မယ်၊ အခုတော့ လုံခြုံတဲ့နေရာက ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေရတယ်၊ အစားအသောက်တွေတော့ အလှူခံပြီးစားနေရတာပေါ့” လို့ ပြောပါတယ်။
ထီးချိုင့်မြို့နယ်မှာ ဖုန်းလိုင်းတချို့နဲ့၊ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားပါတယ်။