“မြို့ပေါ်မှာဘူဒိုဇာ တောရွာမှာ လောင်တိုက်သွင်း ကျောင်းကြီးပျော် ကိုယ်တော်ဟောတဲ့ သာသနာပြုမင်း” ဆိုတဲ့ စာချိုးလေးက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အတော်လေးပျံ့နှံ့သွားတယ်။ အသေအချာတွေးကြည့်လိုက်တော့လည်း ဒီစာချိုးလေးဟာ မြန်မာ့နွေဦးတော်လှန်ရေးကာလတခုလုံးနဲ့ အာဏာလုစစ်အုပ်စုကာလရဲ့ သရုပ်သကန်ကို ခြုံငုံဖော်ပြနိုင်တဲ့ စာချိုးလေးတခုပါပဲ။ ပထမဆုံးတင်တဲ့ပို့စ်တော့ ဘယ်သူဆိုတာ မသိ။ အလွန် ခံစားချက် ထိမိလွန်းတဲ့ အမည်မသိစာဆိုလို့ပဲ ဆိုကြပါစို့။ အမည်မသိစာဆိုကို ဒီစာနဲ့အတူ လေးစားဂုဏ်ပြုလိုက်ပါတယ်။
ဒီစာချိုးလေးဖတ်ကြည့်ရင်းနဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ဆီ ပြန်ရောက်သွားတယ်။ ‘စစ်တပ်က အာဏာသိမ်းလိုက်ပြီ’ ဆိုတဲ့ သတင်းကြားတော့ ယုံတောင်မယုံမိခဲ့ပါဘူး။ ၂၀၀၈ ခြေ/ဥအရ အာဏာသိမ်းစရာမလိုအောင် စစ်တပ်ကြီးစိုးမှုကို ထည့်သွင်းထားပြီးသား မဟုတ်လား။ တဖက်ကလည်း အနိုင်ရပါတီက လွှတ်တော်ခေါ်မယ့်ရက်ကလည်း ဖြစ်နေပြန်တယ်။ တဖက်ကြည့်ပြန်တော့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က “ဘာမဆိုလုပ်ရဲတယ်” ဆိုတဲ့စကားကလည်း အရှိသား။ ဒီစကားကြောင့်လည်း ယောက္ခမနဲ့ ခယ်မဖြစ်သူတောင် သူ့အနားမနေရဲတဲ့ အခြေအနေ။
အတန်ကြာတော့ အာဏာသိမ်းတာ သေချာသွားပြီ။ ကြပ်ပြေး နေပြည်တော် စည်ပင်ရိပ်သာဝန်းထဲမှာရှိတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေလည်း အပြင်ထွက်ခွင့်မရှိ၊ ပိတ်လှောင်ထားခံရတယ်ဆိုတဲ့သတင်း ကြားလိုက်ရတယ်။ ‘ဘာဆက်လုပ်ကြမလဲ’ ဆိုတဲ့အမေးဟာ လူထုကြားမှာ ‘တီးတိုး တီးတိုး သဖန်းပိုး’ ဖြစ်လာတယ်။ နောက်ရက်မှာတော့ မန္တလေး နေပြည်တော်ဆေးကျောင်းက ဒေါက်တာတေဇာစန်းတို့အဖွဲ့က ‘အာဏာသိမ်းတာ မလိုလားကြောင်း’ စတင်ဆန္ဒပြ ထုတ်ဖော်လာတယ်။ ရန်ကုန်မှာတော့ ဗကသနဲ့ အလုပ်သမားအဖွဲ့တို့ပေါင်းပြီး လှည်းတန်းမှာ ဆန့်ကျင်ဆန္ဒပြလာတယ်။ နောက်တော့ မြန်မာတပြည်လုံး ငြိမ်းချမ်းစွာပဲ ဆန္ဒပြလာကြတယ်။
ကြပ်ပြေးနေပြည်တော် သပြေကုန်းဆန္ဒပြလူထုဟာ တမြို့လုံးနီးပါး အင်အားများလာတယ်။ အနီးကပ်ဆုံး အာဏာသိမ်းအုပ်စုကို ခြိမ်းခြောက်နိုင်တာကြောင့် စစ်တပ်က ပစ်ခတ်ဖြိုခွဲလာတယ်။ အဲ့လို ပစ်ခတ်မဖြိုခွဲမီလေးမှာပဲ မင်းအောင်လှိုင်ကိုးကွယ်တဲ့ အောက်လမ်းဘုန်းကြီးရဲ့ “ခေတ်ကိုပြောင်းချင်ရင် ခေါင်းကိုပစ်” ဆိုတဲ့ ယတြာပေးသံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတယ်။ နောက်တော့ တကယ်ပဲ နေပြည်တော်သပြေကုန်းမှာ ကျောင်းသူလေး မြသွဲ့သွဲ့ခိုင်ဟာ ဦးခေါင်းတည့်တည့်ကို ချိန်ပစ်တဲ့ လက်မရွံ့ ပါးကွက်သား လက်ချက်နဲ့ ဆုံးပါးသွားတယ်။ ဒါတောင် အဓမ္မဘုန်းကြီးတဦးက ‘သာသနာပြုမင်း’ လို့ မြှောက်ပင့်လိုက်သေးရဲ့။ တကယ့် မီးလောင်ရာလေပင့် ဘုန်းကြီးပဲ။
အဲ့ဒီနောက်တော့ မန္တလေး၊ ရန်ကုန် စတဲ့မြို့ကြီးတွေသာမက နယ်မြို့တွေအထိ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းကိုပစ်သတ်ခံရသူတွေ များလာတယ်။ အဲ့လိုလုပ်လေ လူထုရဲ့ မခံနိုင်တဲ့စိတ်က များလေလေကြောင့် ဆန္ဒပြသူတွေဟာ တနေ့ထက်တနေ့ လျော့မသွားဘဲ ပိုလို့သာ တိုးလာတယ်။ နောက်ဆုံး အောက်လမ်းဘုန်းကြီးရဲ့ ယတြာအတိုင်းလုပ်လို့ မအောင်မြင်တဲ့ အခါကျတော့ ဆန္ဒပြလူအုပ်ထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖြိုခွဲလာတယ်။ လူထု အထိအခိုက် အသေအပျောက် များလာတယ်။ လူထုဘက်ကလည်း ‘မိုလိုတော့’ လို့ခေါ်တဲ့ မီးလောင်ပုလင်းတွေနဲ့ ရသလို တုံ့ပြန်လာတယ်။ အချိန်ကြာလာတာနဲ့အမျှ လူထုဟာ လက်နက်ကို လက်နက်ချင်း ပြန်တိုက်မှရမယ်ဆိုတဲ့ အသိနဲ့ လူမျိုးစုနယ်မြေတွေမှာ စစ်ပညာသင်လာကြတယ်။
အစပိုင်းမှာတော့ ရရာလက်နက်စွဲကိုင်ရင်း ဒူးလေး၊ တူမီးတို့နဲ့ ဆန့်ကျင် တော်လှန်ခဲ့ကြတယ်။ နောက်တော့ လက်လုပ်မိုင်းထောင် ဖြိုခွဲတိုက်ခိုက်တာ ပိုထိရောက်တယ်ဆိုတာ အတွေ့အကြုံအရ သိလာတယ်။ ပထမဆုံး မိုင်းခွဲတိုက်ခိုက်ခြင်းမှာ အတော်အောင်မြင်လိုက်တာက ‘ပင်လယ်ဘူး’ တံတားမှာ တိုက်ခိုက်ခြင်းပဲ။ နောက်ပိုင်း စစ်တပ်ဟာ မိုင်းခွဲတိုက်ခိုက်ခြင်းဒဏ်ကို အခုချိန်ထိ ခံနေရဆဲပဲ။ အဲ့ဒီအချိန်မှာတော့ ‘PDF’ လို့ခေါ်တဲ့ ‘ပြည်သူ့ကာကွယ်ရေး’ တပ်ဖွဲ့တွေဟာ ဗမာပြည် နယ်မြေအနှံ့ ထွက်ပေါ်လာတယ်။
အခြားတဖက်မှာကြည့်ရင်လည်း စည်ပင်ရိပ်သာဝန်းထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့ကလည်း CRPH လို့ခေါ်တဲ့ အဖွဲ့ကို ဖွဲ့လိုက်နိုင်တယ်။ နောက်မကြာခင်မှာတော့ NUG လို့ခေါ်တဲ့ ‘အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့’ ကို ဖွဲ့နိုင်ခဲ့ပါတယ်။ ‘ပြည်သူ့ကာကွယ်ရေးအဖွဲ့’ တချို့ကတော့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ ချိတ်ဆက်ခဲ့သလို တချို့အဖွဲ့တွေကတော့ ကိုယ့်ဒေသအခြေအနေ၊ လိုအပ်ချက်အရ ဖွဲ့ကြတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အဆက်အစပ် မရှိခဲ့ကြပါဘူး။ အခုထိလည်း အဆက်အစပ် မရှိသေးတဲ့ အဖွဲ့တွေလည်း ရှိနေသေးရဲ့။
အရင်က EAO လို့ခေါ်တဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေကလည်း တာဝန်ကျေပွန်စွာ သင်တန်းတွေ ပေးခဲ့ကြသလို စစ်အုပ်စုကို တိုက်ခိုက်လာတယ်။ နောက်တော့ EAO အစား EROs လို့ အမည်ပြောင်းလိုက်ကြတယ်။ လက်နက်ကိုင်အချင်းချင်း စုစည်းညီညွတ်လာတယ်။ စစ်အာဏာရှင် အမြစ်ဖြတ်ရေးဟာ တောင်ပေါ်မြေပြန့် အားလုံးသော ပြည်သူတွေအတွက် လိုအပ်ချက်အဖြစ် ခိုင်ခိုင်ကြီး နားလည်လာကြတယ်။ အတူတကွ တွဲလက်တွေ ခိုင်မြဲလာတယ်။ တချိန်က တိုင်းရင်းသားတွေတောင်းဆိုတဲ့ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု” ဆိုတာကို အသွေးထဲ အသားထဲက နားလည်လာကြတဲ့အဆင့်ကို ရောက်လာခဲ့တယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အနေနဲ့ကလည်း ဝရုန်းသုံးကား တော်လှန်ရေးကနေ စနစ်ကျနတဲ့ တော်လှန်ရေးကို ကူးပြောင်းလာနိုင်ခဲ့တယ်။ အရင်က မိုင်းခွဲရုံနဲ့ ပြီးသွားပေမဲ့ အခုချိန်မှာ မိုင်ခွဲပြီး ပစ်ခတ်နှိမ်နင်းတဲ့အဆင့် ကူးပြောင်းလာနိုင်ခဲ့တယ်။ တူမီးကနေ မောင်းပြန်ကိုင် တိုက်ခိုက်တဲ့ အခြေအနေအထိ တိုးတက်လာပြန်တယ်။ လောင်ချာတို့ ရှော့တိုက်ဒုန်းတို့ကိုပါ အသုံးပြုလာနိုင်ခဲ့တယ်။ တဆင့်ချင်း တိုးတက်လာတယ်။ အရေအတွက်ကနေ အရည်အချင်းကို ကူးပြောင်းလာတယ်။ ဗျူဟာချ တိုက်ခိုက်တဲ့အဆင့်အထိ ရောက်လာတယ်။
တဖက်ကကြည့်ရင်လည်း နွေဦးတော်လှန်ရေးမှာ ဒီလောက်အထိ တိုးတက်လာတာဟာ ပြည်တွင်းသာမက ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ကူညီမှုကိုလည်း ချန်ထားလို့မရပေဘူး။ သူတို့ရဲ့ လူအား ငွေအား အကြံဉာဏ်အား အကူအညီပေးကြတဲ့ အကျိုးတရားကလည်း ကြီးမားလှပါတယ်။ ၁၉၆၂ ခုနှစ်ကအစ ၁၉၈၈ စစ်အာဏာရှင်တလျှောက်လုံး တော်လှန်ခဲ့ကြတဲ့ ရှေးလူဟောင်းအချို့ရဲ့ တော်လှန်ရေးသန္ဓေစိတ်ကိုလည်း အသိအမှတ် ပြုကြရမှာပါ။ ပြည်တွင်းက CDM တွေရဲ့ ကျေးဇူးကြောင့်လည်း စစ်အာဏာသိမ်းအုပ်စုဟာ အာဏာကို အပြည့်အဝ မဖော်ဆောင်နိုင်တော့ဘဲ အာဏာလုစစ်တပ်အဖြစ်ကို ရောက်သွားစေခဲ့ပါတယ်။ ဒါကြောင့် ဒီတော်လှန်ရေးဟာ တဦးတယောက်၊ တဖွဲ့တည်းရဲ့ တော်လှန်ရေးမဟုတ်ဘဲ ‘ပြည်သူ့တော်လှန်ရေး’ အဖြစ် ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့ အခြေအနေထိ ဖြစ်လာခဲ့ရပါတော့တယ်။
ဒီလိုအခြေအနေတွေကြောင့် အာဏာလုစစ်အုပ်စုဟာ ဗမာဆိုရိုးစကားအတိုင်း “ကြွက်မနိုင် ကျည်တိုက်မီးရှို့” ဆိုသလို “ပီဒီအက်ဖ်မနိုင် ရွာမီးရှို့” လုပ်လာတယ်။ ချင်း၊ ကရင်နီ၊ စစ်ကိုင်းနဲ့ မကွေး အစရှိတဲ့ ဒေသတွေမှာ အာဏာလုစစ်တပ်ကို ဆန့်ကျင်တဲ့ဒေသမှန်သမျှ မီးလောင်တိုက်သွင်းပြီး ပစ်ခတ်သတ်ဖြတ် နှိမ်နင်းတာတွေ လုပ်လာတယ်။ လေကြောင်းကနေ ပစ်ခတ်ဗုံးကြဲတိုက်ခိုက်ရုံမက မီးလောင်တိုက်သွင်းတဲ့အထိ ပြည်သူကို ရန်သူအဖြစ် သတ်မှတ်လာတယ်။ ပစ်မှတ်ထားပြီး အငြိုးတကြီး လက်စားချေလာတာကို တွေ့နေရတယ်။ ဒါတွေကလည်း စစ်အာဏာရှင်အဆက်ဆက် လုပ်နေကျတွေပါပဲ။ ဒါကြောင့်လည်း အချို့က ‘ဆိုးခိုးလုယက် မီးရှို့ခြင်း စစ်ပညာ’ လို့ ပြောကြထင်ရဲ့။
မြို့ပေါ်ကဆန့်ကျင်သူတွေကျတော့ ဘိုးဘွားပိုင်တွေပါမကျန် ကျူးကျော်အမည်တပ်ပြီး ဘူဒိုဇာနဲ့ ထိုးကာ လူနေအိမ်တွေကို ဖျက်ဆီးလာကြပြန်တယ်။ တောရွာရော မြို့ပါမကျန် စစ်အုပ်စုကို ဆန့်ကျင်သူမှန်သမျှ နှိမ်နင်းခြေဖျက်ကြတဲ့ သဘောပါပဲ။ ကျူးကျော်ဖျက်တယ်ဆိုတာ အခုမှမဟုတ် ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့ရဲ့ အိမ်စောင့်အစိုးရကတည်းက လုပ်ခဲ့တာကို ဗိုလ်မောင်မောင်က သူ့စာအုပ်မှာ “အဆိုပါ ကမ္ဘောဇရိပ်သာမှာလည်း အိမ်စောင့်အစိုးရ အာဏာလွှဲပြောင်း ရယူခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းက ကျူးကျော်တဲများကို ရှင်းလင်းဖယ်ရှားကာ တပ်မတော်အရာရှိများအတွက် ချထားပေးခဲ့။ တပ်မတော်အရာရှိများအတွက် ရောင်းချပေးခဲ့ရာဝယ် ဝယ်ယူသူ၏ ကနဦးကုန်ကျစရိတ် ကာမိစေမည့် လက်လှမ်းမီနိုင်သော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်” လို့ ရေးခဲ့တယ်။
အဲ့လို ရှင်းလင်းဖယ်ရှားရာမှာ “အလံနီကွန်မြူနစ်တို့ကို ထောက်ခံသည့် ကျူးကျော်များ နေထိုင်ရာ မင်းမနိုင်ကွက်သစ်” တို့လည်း ဖျက်ဆီးရွှေ့ပစ်ခဲ့တယ်။” လို့ ရေးခဲ့တယ်။ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ မြို့သစ်တွေ တိုးချဲ့ခဲ့တဲ့လုပ်ရပ်တွေလည်း ရှိခဲ့ဖူးတယ်။ ဗိုလ်သန်းရွှေ လက်ထက်လည်း ဒီအတိုင်းပဲ၊ ဖဆပလကွက်သစ်တွေကအစ ကျူးကျော်ဆိုပြီး ဖယ်ရှားခဲ့တယ်။ လှိုင်သာယာ၊ တောင်/မြောက်ဒဂုံမြို့သစ် လုပ်ချခဲ့တာ။ နေရာကောင်းမှန်သမျှ စစ်တပ်က အရာရှိတွေ ချပေးခဲ့တယ်။ တိုက်ခန်းတွေဆောက်လုပ်ခွင့်ကို သူတို့သားသမီး ကုမ္ပဏီတွေကို ချပေးခဲ့တာတွေဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ လုပ်လေ့လုပ်ထရှိတဲ့ လုပ်ငန်းစဉ်တွေပါပဲ။
ဒါကြောင့်လည်း မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဟာ အဓိက ဖြစ်လာတယ်။ စစ်အာဏာရှင် အမြစ်မပြတ်သရွေ့တော့ ဘယ်ဒီမိုကရေစီမှ မရနိုင်သလို လူမျိုးစုတွေ စိတ်ကူးယဉ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လည်း ရမှာမဟုတ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလည်း တည်ဆောက်လို့ရမှာ မဟုတ်တဲ့အပြင် ‘မြို့ပေါ်မှာဘူဒိုဇာ၊ တောရွာမှာ လောင်တိုက်အသွင်း’ ခံရတဲ့ ဘဝက လွတ်မြောက်နိုင်မှာ မဟုတ်ကြောင်း ထပ်မံအသိပေး တင်ပြလိုက်ရပါတယ်။
ဂန္ထဝင်မောင်ထူး