ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ နိုဝင်ဘာ ၂၂ ရက်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကဗျာဆရာတွေအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ၁၁ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ဒေသခံ နိုင်ငံရေးအသိုင်းဝိုင်းက သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပုသိမ်မြို့က လွှတ်တော်ကိုယ်စားလှယ် ကိုသန်းထွဋ်၊ သာပေါင်းမြို့က လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနဲ့ ဦးအောင်အောင်ဦး၊ ကဗျာဆရာ လူဖန်ခါး အပါဝင် စုစုပေါင်း ၁၁ ဦးကို ထောင်တွင်းအထူးတရားရုံးကနေ ထောင်ဒဏ် နှစ် ၂၀ စီပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒေသခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက “ဒါက အကြောက်တရားဖြန့်လိုက်တာပေါ့။ မင်းတို့ ဒီလိုလုပ်ရင် ဒီလိုခံရမယ်ဆိုပြီး လုပ်ပြတဲ့ပုံစံမျိုးပေါ့။တပ်တဲ့ပုဒ်မတွေက နိုင်ငံတော်သစ္စာဖောက်မှုတို့ ဘာတို့ပေါ့ မိမိဆန္ဒ မိမိထုတ်ဖော်တာ နိုင်ငံတော် သစ္စာဖောက်တယ်ဆိုကတည်းက လွဲနေပြီ အဲ့တာကို အမိန့်ချတဲ့ တရားသူကြီးက လိုက်ပြီး ခုလိုအမိန့်ချတယ်ဆိုကတည်းက ဒီနိုင်ငံရဲ့ တရားစီရင်ရေးက အောက်ဆုံးရောက်သွားပြီ”လို့ ပြောပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ မတရား ပုဒ်မတပ်ပြီး ဖမ်းဆီးထားတဲ့အပေါ် တရားရုံးကခုလိုမျိုး နှစ် ၂၀ ပြစ်ဒဏ်ချမှတ်တဲ့အပေါ် အံ့ဩမိတယ်လို့ ဆိုပါတယ်။
ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခံရတဲ့ အထဲမှာ ဧပြီ ၂ ရက်က အဆိပ်သောက်သေဆုံးခဲ့တဲ့ ကဗျာဆရာ မောင်အောင်ပွင့်ရဲ့ သမီး မလုံမငြိမ်းချမ်းရဲ့ခင်ပွန်း ကိုချက်ဖောင်း(ခ) ကိုကျော်လှမိုး လည်း ပါဝင်ပါတယ်။
ထောင်ဒဏ် အနှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၁ ဦးဟာ အရင်ကတည်းက နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်ထိ ပြစ်ဒဏ်ချခံထားရသူတွေလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဉ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ အမျိုးသား ၃၀၀ ကျော်နဲ့ အမျိုးသမီး ၇၀ ကျော် အကျဉ်းချခံထားရတယ်လို့ ဆိုပါတယ်။