စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်း ရွာသား ၃ ယောက် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတိုင်း ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ရွာသားတွေဟာ နေရပ်စွန့်ခွာထွက်ပြေးရင်း အခုလိုမြွေကိုက်ခံရတာဖြစ်ပါတယ်။
မြွေအကိုက်ခံရတဲ့သူတွေကတော့ အသက် ၂၈ နှစ်နဲ့ ၂၁ နှစ် အရွယ် အမျိုးသမီး နှစ်ယောက်၊ အသက် ၄၅ နှစ်အရွယ် အမျိုးသား တယောက် စုစုပေါင်း ၃ ယောက်ဖြစ်ပါတယ်။
မြေကိုက်ခံရတဲ့ အမျိုးသမီးနှစ်ယောက်ကတော့ ဆေးဦးတဲ့အတွက် အသက်မသေပေမဲ့ အမျိုးသားကတော့ စောင့်ကြည့်အနေထားမှာရှိနေတယ်လို့ ကန့်ဘလူမြို့နယ် ပကဖအဖွဲဝင် တယောက်က ပြောပါတယ်။
“မြွေကိုက်လူနာတွေကိုတော့ ကျန်းမာရေးဆရာဝန်တွေဆီရောက်အောင်တော့ ကူညီပေးရတာပေါ့ဗျာ။ အဓိကတော့ စစ်ကောင်စီလာတယ်ဆိုရင် အသက်လုပြေးရတာဆိုတော့ ဘာအကာအကွယ်မှ မယူနိုင်ကြဘူး။ အခုချိန်က စပါးရိတ်သိမ်းချိန်ဆိုတော့ မြွေတွေက ပိုပေါနေတယ်။”
ကန့်ဘဘူမြို့နယ်၊ ကိုးတောင်ဘို့ တိုက်နယ်မှာ စစ်ကောင်စီတပ်ဝင်ရောက်လို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ စုစုပေါင်း ၃၇ ယောက်အထိရှိနေပြီး သေဆုံးသူ ၃ ဦး ရှိကာ မြွေဆိပ်ဖြေဆေးBPI တစ်လုံးကို ကျပ် ၁၈၀,၀၀၀ အထိ ပေးဝယ်နေရတယ်လိုလည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကိုးတောင်ဘို့တိုက်နယ်အတွင်းကကျေးရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတိုင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ လူသားဒိုင်းအဖြစ် ပေါ်တာဆွဲ တာကြောင့် ရွာသားတွေ ကျေးရွာအတွင်းမနေရဲကြတော့ဘဲ ယာခင်းနဲ့ တော ၊ တောင်တွေထဲ ပြောင်းရွေ့နေထိုင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။