ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဘန်လမွန်မြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား တယောက် လူသတ်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ ချန်နယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဘန်လမွန်မြို့ ဘန်လမွန်ရပ်ကွက် ကုန်တင်ကုန်ချအလုပ်သမားတန်းလျားမှာ မနေ့ နိုဝင်ဘာ ၂၀ ရက် ညနေက ဓားထိုးမှုဖြစ်ပြီး ဒဏ်ရာရသူရှိကြောင်း အကြောင်းကြားချက်ရတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန်လမွန်နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရဲတပ်ဖွဲ့က ရောက်ရှိသွားချိန်မှာ အသက် ၂၉ နှစ်အရွယ် အလုပ်သမား တယောက် ရင်အုံမှာ ဓားထိုးဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ပြီလို့ ဆိုပါတယ်။
အနီးနားနေ အလုပ်သမားတွေရဲ့ ပြောပြချက်အရ သေဆုံးသူနဲ့ အသက် ၄၂ နှစ်ရွယ် မြန်မာလုပ်သား တယောက်တို့ဟာ ဒီမတိုင်ခင်က တခြားသူတွေနဲ့အတူ အရက်ဝိုင်းဖွဲ့သောက်နေကြောင်း၊ အတန်ငယ်မူးလာတော့ ဘာသာရေးအကြောင်းနဲ့ပတ်သက်လို့ အငြင်းအခုံဖြစ်ကာ နှစ်ယောက်သား စကားများရန်ဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အဲဒီနောက် သူတပြန်ကိုယ်တပြန် လုံးထွေးသတ်ပုတ်ရင်း နိုင်းအဲမ်ဆိုသူ မြန်မာအလုပ်သမားက နိုင်းနာ့သ်ဖုန်းကို ဓားနဲ့ ၂ ကြိမ်ထိုးခဲ့ကြောင်း၊ နိုင်းနာ့သ်ဖုန်း လဲကျသွားတော့ နိုင်းအဲမ်လည်း ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက နိုင်းအဲမ်ကို လိုက်လံစုံစမ်းရှာဖွေရာ အဲဒီည သန်းခေါင်လောက်မှာပဲ အခင်းဖြစ်တဲ့နေရာနဲ့ ၁၀ ကီလိုမီတာခန့်ဝေးတဲ့ ဆီရီရားချားမြို့နယ် ဘန့်နောင်ဖန်ဖွဲရပ်ကွက်ရှိ သူ့ရဲ့ အရင်အလုပ်ရှင်ဟောင်းရဲ့ ကြက်ခြံထဲမှာ ပုန်းနေတာကို တွေ့ရှိခဲ့ပါတယ်။
အဲဒီနောက် လူသတ်ရာမှာ အသုံးပြုခဲ့တဲ့ ၁ ပေခန့်အရှည်ရှိဓား ဝှက်ထားတဲ့နေရာကို လိုက်ပြခဲ့ပါတယ်။ နိုင်းအဲမ်က ဓားနဲ့ထိုးခဲ့ကြောင်း ဖွင့်ဟဝန်ခံပြီး သတင်းထောက်တွေက ဘာပြောချင်လဲလို့ မေးရာမှာ သူက “တောင်းပန်ပါတယ်” လို့ပဲ တိုတိုတုတ်တုတ် ပြောသွားပါတယ်။
ဘန်လမွန်ရဲတပ်ဖွဲ့က သူ့ကို လူသတ်မှုနဲ့ ကနဦးအမှုဖွင့်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။