ရန်ကုန်တိုင်း အလုံမြို့နယ် ဧရာဝတီရပ်ကွက် အောက်ကြည့်မြင်တိုင်လမ်းရှိ သခင်မြပန်းခြံမှာ ဒီကနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ဒီကနေ့ ညနေသုံးနာရီဝန်းကျင်က သခင်မြပန်းခြံအတွင်း အများသုံးအိမ်သာမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"တလုံး အိမ်သာထဲမှာ ပေါက်တာ ဗုံးပေါက်တယ်၊ အိမ်သာတက်ဖို့ စောင့်နေတဲ့သူတွေ ထွက်ပြေးကြတာ။ တလုံးကမပေါက်သေးဘူး၊ စစ်တပ်က တွေ့လို့ ဖောက်ခွဲပစ်တာ။"
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဟာ ပေါက်ကွဲခဲ့တဲ့နေရာကို ထပ်မံရှာဖွေခဲ့ရာ ဗုံးတလုံးထပ်မံတွေ့ရှိပြီး ပန်းခြံအတွင်းရှိ လမ်းမပေါ်မှာ အတားအဆီးပြုလုပ်ကာ ဖောက်ခွဲခဲ့တယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ဗုံးထိသွားတဲ့ကောင်လေးက မျက်နှာတွေ လက်တွေထိသွားတယ်၊ စိုးရိမ်ရတယ်၊ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်။"
လက်ရှိအခြေအနေမှာ စစ်ကောင်စီတပ်သားတွေ သခင်မြပန်းခြံအတွင်းနဲ့ အောက်ကြည့်မြင်တိုင် လမ်းမကြီးတလျှောက် ကားနဲ့လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ နိုဝင်ဘာ ၁ ရက်မှ ၂၀ ရက်နေ့အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ပြီး ၇ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။