ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ မြန်မာစစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၁၈ ရက်က တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ အေအေဘက်က သတင်းထုတ်ပြန်ပါတယ်။
ဝက်ကျိန်းကျေးရွာနဲ့ မြဝတီကျေးရွာအကြားမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်သေဆုံး၊ ၁၅ ယောက် ဒဏ်ရာရကာ အေအေ ဘက်ကလည်း တယောက် သေဆုံး၊ ငါးယောက် ဒဏ်ရာရှိခဲ့ကြောင်း ရက္ခိုင်တပ်တော်က ထုတ်ပြန်ထားပါတယ်။
မောင်တောဒေသခံက "စစ်ကောင်စီဘက်က ကျဆုံးသွားတဲ့ အလောင်းတွေကို စစ်တပ်က လာမသယ်နိုင်လို့ ရွာသားတွေမြေမြှုပ်ပေးလိုက်ရတာတွေရှိတယ်။ ဒဏ်ရာရတဲ့အထဲ အရာရှိတွေပါနေတော့ မနေ့က ရဟတ်ဟာဥ် ၃ စီးအထိလာကယ်တင်ရတာရှိတယ်။ ဒီနေ့ မှာ ၁ စီးလာတယ်။ လူနာတွေ သယ်တာလို့သိရတယ်။"လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက်က စစ်ကောင်စီ တပ်မ (၇၇) က အေအေရှိရာ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင် ရွာတောင်ဘက် မီတာ ၈၀၀ ခန့်အကွာရှိနေရာကို ထိုးစစ်ဆင် တိုက်ခိုက်လာလို့ မွန်းတည့် ၁၂ နာရီလောက်မှာ တိုက်ပွဲစဖြစ်ခဲ့ပြီး ညနေ ၄ နာရီလောက်မှ တိုက်ပွဲပြီးဆုံးခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၉ ရက်ကလည်း တိုက်ပွဲ ဆက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဝက်ကျိန်း(အလယ်ရွာ)တောင်ဖက်ရှိ နခခ(၇) စခန်း၊ ဝက်ကျိန်း ပတ်ဝန်းကျင်ရှိ တပ်မ(၇၇) အထိုင်ချနေသောနေရာ၊ တပ်မ (၁၁) အထိုင်ချနေသော ခဝဲဗျူဟာ၊ ကြိမ်ချောင်း (၂၄) စခန်းတွေကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အတွဲလိုက်ဒုံးတွေကိုပါ အသုံးပြုခဲ့တယ်လို့ အေအေက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ဝက်ကျိန်းကျေးရွာမှ နေအိမ် ၄ လုံး မီးလောင်သွားခဲ့ရပြီး ရွာသူရွာသားတွေ ထွက်ပြေးနေကြရကာ မြဝတီကျေးရွာမှာလည်း စစ်တပ်က သေနတ်ပစ်ဝင်ရောက်လာလို့ ရွာသူရွာသာတွေ ဘေးလွတ်ရာသို့ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
ရွာဒသခံတဦးက "စစ်ကောင်စီက ဝက်ကျိန်းရွာက နေအိမ် ၄ လုံးကို မီးရှို့တယ်၊ ရွာသူ/ရွာသားတွေ ကြိမ်ချောင်းကျေးရွာနဲ့ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြရတယ်။ မြဝတီကျေးရွာကိုလည်း သေနတ်တွေပစ်ဝင်လာတော ရွာသူရွာသားတွေအားလုံး ထွက်ပြေးခဲ့ကြရတယ်။"လို့ ဆိုပါတယ်။
နိုင်ဘာလ ၁၉ ရက်က ရက္ခိုင်တပ်တော် အေအေက ဘူးသီးတောင်အခြေစိုက်၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၁၅) တပ်မဌာနချုပ်ကို လက်နက်ကြီးနဲ့ လည်တုံ့ပြန် တိုက်ခိုက်ခဲ့ရာမှဦ တပ်မဌာနချုပ်အတွင်း၌ ထိမှန်ကျရောက်ခဲ့ပေမဲ့ အထိအခိုက်အကျဆုံး မသိရသေးဘူလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသကို စစ်လက်နက် ခဲယမ်းတွေ အင်အားဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်မှုတွေ ဆက်တိုက် တိုးမြှင့်ပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ အေအေက ခန့်မှန်းပါတယ်။