မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းက သဖန်းကိုင်းကျေးရွာမှာ နိုဝင်ဘာ ၁၈ ရက်နေ့ နေ့ခင်း ၁၁ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာနေပြည်သူတွေကို ခေါ်ယူပြီး ဦးမောင်သန်းဆိုသူအား စစ်ဆေးရာမှာ မသိဘူး ပြောသူတွေကို ရိုက်နှက်ခဲ့တယ်လို့ မတ္တရာဒေသခံက ပြောပါတယ်။
မသိကြောင်းပြောတဲ့အတွက် အမျိုးသားဆိုပါက လေးချက်၊ အမျိုးသမီးတွေကို နှစ်ချက်စီ ရိုက်နှက်ခဲ့ပြီး လူငါးဆယ်ကျော် ရိုက်နှက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မတ္တရာနယ်ခံတဦးက "တချို့ကလည်း ပက်လက်လန်ကို မအိပ်နိုင်ဘူးတဲ့၊ အားလုံး ငါးဆယ်ကျော် ခြောက်ဆယ်လောက်ရှိတယ်။ သူတို့ကတော့ ဘာမှမလုပ်တဲ့သူတွေဆိုတော့၊ အပြစ်မဲ့ပြည်သူတွေလေ၊ မပြေးကြဘူး။ မပြေးကြတော့ သဖန်းကိုင်းက ဦးမောင်သန်းကို မေးတာ၊ မေးတာ မသိဘူးလို့ ပြောရမလားလို့တဲ့၊ အဲ့ဒါကြောင့် လှိမ့်ရိုက်ကြတာတဲ့" လို့ ပြောပါတယ်။
မတ္တရာနယ်အတွင်းမှာ စစ်အုပ်စုက မွှေနှောက်နေပြီး ဒေသခံအများစုကတော့ ဘေးလွတ်နိုင်မယ့် နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပေမယ့် မပြေးနိုင်တဲ့ ပြည်သူတွေကို အခုလို ညှဉ်းပန်းနှိပ်စက်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီနေ့ညမှာပဲ ရုန်းပင်ကျေးရွာက နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပံ့တဲ့အတွက် ရှို့တာလို့ သိရပါတယ်။
မတ္တရာနယ်အတွင်းမှာ တပ်မ ၃၃ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ(၄)/၁၁၉/၁၁၆ စတဲ့ တပ်တွေဖြန့်ကျက်ထားပြီး တချို့ကျေးရွာတွေမှာ အမျိုးသမီးတွေကို ထိကပါး ရိကပါး ပြောဆိုနှောင့်ယှက်တာ၊ လက်ကိုင်တာ၊ မဖွယ်မရာ ပြုလုပ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာနယ်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "အရှေ့ဘက်ခြမ်းမွှေတာတော့ ၁၁၉/၁၁၆/ခလရ (၄)၊ တပ်မ ၃၃၊ သူတို့ပဲ အမြဲတမ်းမွှေ၊ သောင်းကြမ်း၊ လုယက်၊ရိုက်နှက်တာတွေပေါ့၊ သူတို့ပဲ လုပ်နေတာဗျ၊ အမြဲတမ်းသူတို့ပဲ လုပ်နေတာပဲ" လို့ ပြောပါတယ်။
စစ်အုပ်စုဟာ မတ္တရာ အရှေ့ခြမ်းတင်မက အနောက်ခြမ်းမှာရှိတဲ့ ဧရာဝတီမြစ်ဘေးက ကျေးရွာတွေကိုပါ မွှေနှောက်နေသလို လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် နေအိမ်တွေ ပျက်စီးတာ၊ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်သေကျေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်မှာတော့ အခုလပိုင်းအတွင်းမှာ စစ်အုပ်စုဘက်က စစ်ရေးလှုပ်ရှားမှုနဲ့အတူ ပြည်သူတွေကို ထိခိုက်ပျက်စီးအောင် ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။