မကွေးတိုင်း ထီးလင်းမြို့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းက ဒေသခံ ၃ ယောက်ကို စစ်အုပ်စုက PDF သတင်းပေးဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထီးလင်းမြို့ အမှတ်(၂) ရပ်ကွက်က ကိုမင်းပိုင်စိုး၊ ကိုမောင်ညို၊ ကိုအောင်ဇင်လင်း(ခေါ်) ကောက်ကောက်တို့ ၃ ယောက်ကို စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သတင်းအချက်လက်တွေကို PDF ဆီပေးပို့တယ်လို့ စွပ်စွဲပြီး နေအိမ်မှာ ဝင်ဖမ်းသွားကြတာလို့ ထီးလင်းမြို့ဒေသခံ တယောက်က ပြောပါတယ်။
“အင်အားကတော့ ၂၀ ကျော်လောက်ပါမယ်။ အမည်စာရင်းနဲ့ အတိကျ နေအိမ်တွေကို ဝင်ဖမ်းသွားတာ။ လက်ကိုင်ဖုန်းတွေကိုပါ သိမ်းသွားကြတယ်။ သူတို့ ၃ ယောက်ကို ထီးလင်းမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်။”
စစ်ကောင်စီတပ်ဟာ ထီးလင်းမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း NLD ပါတီဝင်တွေနဲ့ ထောက်ခံ ဝန်းရံသူတွေကို PDF၊ PDF ထောက်ပံ့သူ၊ PDF သတင်းပေး၊ မမှန်သတင်းရေးသား ဖြန့်ဝေသူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေသလို စစ်ကြောင်းထွက်တဲ့ အခါမှာလည်း ဒေသခံတွေကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ပြောပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ်နိုဝင်ဘာ ၁၈ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံ ရသူ ၁၂၉၆၂ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က နိုဝင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။