မကွေးတိုင်း မြိုင်နဲ့ပခုက္ကူမြို့နယ်မှာ နိုဝင်ဘာ ၁၇ ရက်နဲ ၁၈ ရက်တွေက စစ်ကောင်စီတပ်ဖွဲ့ကို မိုင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၇ ယောက်ထက် မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ က ပြောပါတယ်။
မြိုင်မြို့နယ်အနောက်ဘက် ကြောင်ကန်ရွာနားကို ကား ၂ စီးနဲ့ သေနတ်တွေ ပစ်ခတ်ပြီးဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ မိုင်းအကြီး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပေမယ့် ဒေသခံ တယောက်ကတော့ စစ်ကောင်စီတပ်သားတွေဘက်က သေနတ်ကျည် ရှပ်ထိမှန်ပြီး ဒဏ်ရာ အနည်ငယ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပခုက္ကူဘက်ကနေထွက်လာတဲ့ ခြေလျင်စစ်ကြောင်းကိုလည်း နိုဝင်ဘာ ၁၇ မွန်းလွဲ ၂ နာရီလောက်က ကံတော်ရွာနဲ့ ကန်ရပ်ရွာကြားမှာ ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့သလို နယ်မြေရှင်းလင်းဖို့ ထွက်လာတဲ့အချိန်မှာလည်း မိုင်းပွိုင့်အကြီး ၉ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ၇ ယောက်ထက်မနည်း သေဆုံးနိုင်တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
စစ်ကောင်စီဘက်က အနီးနားကျေးရွာတွေကို ပစ်ခတ်ခဲ့ပြီး ကံတော်ရွာက ဒေသခံ ၁၀ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းကလည်း စစ်ကောင်စီရဲ့ ကား ၂ စီးကို မြိုင် ပ.က.ဖ အပါဝင်ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။